နေပြည်တော် ဇန်နဝါရီ ၃၀
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၉ ရက်က မြစ်ကြီးနားဘူတာနှင့် ဘူတာယာဒ်ဝင်းတို့၏ အခြေအနေ၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများ၊ တွဲပြင်ရုံနှင့် ဒီဇယ်စက်ခေါင်းပြင်ရုံ (မြစ်ကြီးနား) တို့၏ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့သို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ဘူတာ၊ ဘူတာယာဒ်ဝင်းနှင့် ဘူတာယာဒ်ဝင်းရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ရန်နှင့် အိမ်ရာကြီးကြပ်ရေးအဖွဲ့ စနစ်တကျဖွဲ့စည်း၍ ပုံမှန်စစ်ဆေးပြီး ပျက်စီးမှုများကို ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန်၊ စစ်ဆေးပြုပြင်ရန် အချိန်ကျရောက်သည့် ကုန်တွဲများ၊ လူစီးတွဲများကို ပုံမှန်စစ်ဆေး ပြုပြင်သွားရန်၊ လူစီးတွဲများအတွင်းရှိ ထိုင်ခုံများနှင့် လူစီးတွဲကိုယ်ထည်များ ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန်၊ စက်ရုံတွင် ထိန်းသိမ်းထားသည့် စက်ခေါင်းများ၊ တွဲများနှင့် RBE ရထားတွဲများ၏ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ်သွားရန်၊ ဝန်ထမ်းများအရည်အသွေးနှင့် ကျွမ်းကျင်မှုတိုးတက်စေရေး၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင်ကောင်းမွန်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့မီးရထား တိုင်းအဆင့် အရာထမ်းဝန်ထမ်းများ၊ မြန်မာ့မီးရထားရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မိမိတိုင်းနယ်မြေအတွင်း ဘူတာယာဒ်ဝင်းနှင့် ရထားလမ်းတစ်လျှောက်ရှိ မြန်မာ့မီးရထားဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး ရထားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


