နေပြည်တော် ၊ ဒီဇင်ဘာ ၁၂

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဒီဇင်ဘာ (၁၀) ရက်မှ (၁၂) ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သာစည် - ရွှေညောင် - တောင်ကြီး ရထား လမ်းပိုင်းတွင် ရေတိုက်စားပြီး မြေပြိုကျ၍ ပျက်စီးမှုဖြစ်ပွားခဲ့သည့် ဆင်တောင် - မြင်းဒိုက် ဘူတာအကြားရှိ ရထားလမ်းတာပေါင်နေရာများ ကမ်းပါနီဥမင် အဝင်/ အထွက်နေရာများ၊ ဆင်တောင် ဘူတာ၊ မြင်းဒိုက်ဘူတာနှင့် ခွေးရုပ်ဘူတာတို့တွင် ရေတိုက်စားပြီး မြေပြိုကျမှုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို သွားရောက်စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သာစည် - ရွှေညောင် ရထားလမ်းပိုင်းတွင် ရထားခရီးစဉ်များ အမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောလျင်စွာပြီးစီးရေးအတွက် လူအင်အား၊ ပစ္စည်းအင်အား၊ စက်ယန္တရားအင်အားများကို စနစ်တကျ စုဖွဲ့အသုံးပြု၍ သတ်မှတ်စံနှုန်းအတိုင်း စနစ်တကျ ပြန်လည်ပြုပြင်သွားရန်၊ မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရန်၊ ရေစီးဆင်းမှု ကောင်းမွန်စေရန်အတွက် ရေပြွန်များထည့်သွင်း တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ရေမြောင်းများပိတ်ဆို့မှုမရှိစေရေး ၊ ရေစီးရေလာ ကောင်းမွန်စေရေး စသည့်လုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားရန် တိုကို ဆွေးနွေးမှာကြားသည်။

 

ယင်းနောက်ဒုတိယဝန်ကြီးသည် ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းပိုင်း ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် ရထားလမ်းအူကြောင်း တာပေါင်မြေကြီးလုပ်ငန်း၊ တံတားပြုပြင် တည်ဆောက်ခြင်း လုပ်ငန်း ၊ Gabion Basket ကျောက်စီ မြေထိန်းနံရံနှင့် ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများကိုစစ်ဆေးပြီး ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျကောင်းမွန်ရေး ပြုပြင်ရန်လိုအပ်သည့် ပစ္စည်း များ လုံလောက်မှုရှိရေး စီစဉ်ထောက်ပံ့ပေးသွားရန် ၊ ပြန်လည်အ သုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများကို အလေအလွင့်မဖြစ်ရေး စနစ်တကျပြန်လည် အသုံးပြုသွားရန်နှင့် ရထားများအမြန်ပြန်လည်ပြေးဆွဲနိုင်ရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်