နေပြည်တော် နိုဝင်ဘာ ၁ 
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲ အစိုးရ၏ ဖိတ်ကြားချက်အရ တယ်ဟုန်းပြည်နယ်ခွဲ မန်စီမြို့တွင် အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် တရုတ် - မြန်မာ နှစ်နိုင်ငံတတ်သိပညာရှင်များ ဖိုရမ်သို့ တက်ရောက်ခဲ့သည်။ 
ဖိုရမ်ကို ၂၀၁၇ ခုနှစ်မှစတင်ကာ နှစ်နိုင်ငံအကြား ပို့ဆောင်ဆက်သွယ်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖိုရမ်အတွင်း ဒုတိယဝန်ကြီးသည် အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ဖိုရမ်ဆွေးနွေးမှုအပိုင်းများတွင် ပါဝင်ဆွေးနွေးခြင်းနှင့် ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ဖိုရမ်တက်ရောက်လာကြသူများသည် ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်များ တိုးမြှင့်နိုင်ရန် နည်းလမ်းများကိုရှာဖွေနိုင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏတိုးမြှင့်ရေးနှင့် စီးပွားရေးမိတ်ဖက်များအနေဖြင့် ပိုမိုကောင်းမွန်သည့် မဟာဗျူဟာများကို အကောင်အထည်ဖော်နိုင်ရေး အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 
ဖိုရမ်သို့ ဒုတိယဝန်ကြီးနှင့်အတူ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မြန်မာ့မီးရထား၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနမှ အဆင့်မြင့်အရာရှိများ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS)၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ်အစိုးရ ဒုတိယအုပ်ချုပ်ရေးမှူး၊ တယ်ဟုန်းပြည်နယ်ခွဲ အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဒုတိယဝန်ကြီးသည် ဖိုရမ်တက်ရောက်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်