နေပြည်တော် ဇူလိုင် ၂၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၂၅) ရက်မှ (၂၈)ရက်အထိ ရှမ်းပြည်နယ်အတွင်း ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း စမ်းသပ်ပြေးဆွဲမှု၊ ပင်းပက်-နောင်ကား ရထားလမ်းသစ် ဖောက်လုပ်နေမှု၊ ရွှေညောင်ကွန်ကရစ်ဇလီဖား စက်ရုံ၊ ရွှေညောင်စက်ခေါင်းစက်ရုံနှင့် ဘူတာရုံများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင်-အေးသာယာ - ပေါမူ -ထီသိမ်- ရေထွက်ဦး-တောင်ကြီး ရထားလမ်းပိုင်း၌ ကျောက်ရထားဖြင့် ဝန်ချိန်ပြည့် စမ်းသပ်ပြေးဆွဲ နေမှုကိုလိုက်ပါ စီးနင်း၍ ကောင်းမွန်စွာပြေးဆွဲနိုင်ကြောင်း တွေ့ရှိရသည့်အတွက် လမ်းပိုင်းရှိအချို့နေရာများတွင် ပက်ကင် ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ ထီသိမ်အဝိုင်းပတ်နေရာတွင် သစ်ပင်များစိုက်ပျိုးသွားရန်၊ အဝိုင်း ပတ်တာဘောင်တွင် မြေထိန်းနိုင်သည့် အပင်များစနစ်တကျ စိုက်ပျိုးသွားရန်၊ ရေမြောင်းများအတွင်း ပိတ်ဆို့မှုမရှိစေရေး ပုံမှန်စစ်ဆေးဆောင်ရွက်ရန်၊ တာဘောင်မြင့်သည့်နေရာများတွင် ဦးစားပေးသတ်မှတ်၍ Toe Wall များစနစ်တကျ တည်ဆောက်သွားရန်နှင့် လမ်းပိုင်းအတွင်း အသုံးပြုရန်မ လိုတော့သည့် သံလမ်း၊ ကွန်ကရစ်ဇလီဖားနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျ ပြန်လည်သိမ်းဆည်းသွားရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပင်းပက်-နောင်ကား ရထားလမ်းသစ်ဖောက်လုပ်နေမှု အခြေအနေကို စစ်ဆေးပြီး လမ်းပိုင်းအတွင်းရှိ တံတားနှင့် Box Culvert များ ရေရှည်ခိုင်ခန့်မှုရှိစေရေး လိုအပ်ပါက မြေထိန်းနံရံများ ဆောင်ရွက်ရန်၊ တာဘောင်မြင့်သည့် နေရာများတွင် ဦးစားပေးအလိုက် Toe Wall များ စနစ်တကျ တည်ဆောက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီဖောက်လုပ်ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ရွှေညောင်ကွန်ကရစ်ဇလီဖားစက်ရုံ၊ စက်ခေါင်းစက်ရုံနှင့် ဘူတာရုံများကို ကြည့်ရှုစစ်ဆေးပြီး ရထားပြေးဆွဲရာတွင် အန္တရာယ်ကင်းရှင်းစေရေးအတွက် အရေးကြီးသည့် Point နှင့် အချက်ပြစနစ်များ ကောင်းမွန်စေရေးနှင့် ရထားစီး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေ သွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)