နေပြည်တော် ၁၁ ဒီဇင်ဘာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ယမန်နေ့ နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့၌ ကျင်းပသည့် (၁၈)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက ယခုကျင်းသည့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေပြီး နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်စေသည့် အခမ်းအနားဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့သည် နီးကပ်စွာတည်ရှိနေကြသည့်အတွက် အပြန်အလှန် ကုန်သွယ်မှုသည် နှစ်စဉ်တိုးတက်လျက် ရှိပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်သာမက အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဟာမဲခေါင်ဒေသခွဲ ပူးပေါင်းဆောင် ရွက်ရေး (GMS) အဖွဲ့ဝင်နိုင်ငံများနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပညာပေးလုပ်ငန်းများတို့ကို ဆောင်ရွက်လျက်ရှိပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူအားလုံးကုန်သွယ်မှု လုပ်ငန်းများဆောင်ရွက်ကြရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်ရေးအတွက် အရည်အသွေးသတ်မှတ်ချက် စသည့် စည်းမျဉ်းစည်းကမ်းများ၊ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများကိုလည်း အပြန်အလှန်အသိပေးခြင်း၊ သတင်းအချက်အလက်များ ဖလှယ်ခြင်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုအခါ အိမ်နီးချင်းနိုင်ငံများအားလုံးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်သည့် အသီးအပွင့်များအဖြစ် နယ်စပ်ဒေသနေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း၊ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိလာနေပြီဖြစ်ကြောင်းနှင့် ကုန်သွယ်မှုလုပ်ငန်း အဆင်ပြေချောမွေ့စေရန်အတွက် ယခုထက်ပိုမိုကြိုးပမ်း ဆောင်ရွက်ကြမည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှု ပပျောက်ရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ နိုင်ငံရေးအတိုင်ပင်ခံ ဒုတိယဥက္ကဋ္ဌ၊ မစ္စတာ ကွမ်းရီ၊ ယူနန်ပြည်နယ်နှင့် တယ်ဟုန်းပြည်နယ်ခွဲမြို့များမှ တာဝန်ရှိသူများက အမှာစကား ပြောကြားကြသည်။
ယင်းနောက် (၁၈)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲအား ဒုတိယဝန်ကြီး ဦးအောင်ထူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ နိုင်ငံရေးအတိုင်ပင်ခံ ဒုတိယဥက္ကဋ္ဌ၊ မစ္စတာ ကွမ်းရီနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့အား JING CHANG DIHAI ဟိုတယ်ဧည့်ခန်းမတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကွန်မြူနစ်ပါတီအတွင်းရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကလည်းကောင်း ညနေပိုင်းတွင်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ အုပ်ချုပ်ရေးမှူးကလည်းကောင်း လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ကုန်သွယ်မှုနှင့် စီးပွားရေးဇုန်များ တည်ဆောက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေလီမြို့ရှိ Youngon (RUILI) Clothing Co.,Ltd အထည်ချုပ်စက်ရုံသို့ ရောက်ရှိပြီး အဝတ်အထည်များချုပ် လုပ်နေမှုတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်