နေပြည်တော် ၂၉ ဇူလိုင်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ယနေ့ နံနက် ၁၁ နာရီက အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (US-ASEAN Business Council) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Alexander C. Feldman နှင့် အဖွဲ့အား ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် COVID-19 Economic Relief Plan-CERP ပါ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ပေးမှုများ၊ အစားအစာ လုံခြုံစိတ်ချရမှုနှင့် Digitalization၊ E-commerce and Social Commerce တို့အတွက် ဆောင်ရွက်နေမှုများနှင့် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးနှင့် နည်းပညာအကူအညီများ ပံ့ပိုးပေးသွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် US-ASEAN Business Council မှ ပါဝင်တက်ရောက်သည့် စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ကဏ္ဍများနှင့် အခြားသိရှိလိုသည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို မေးမြန်းရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင် ၂၀ ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်