နေပြည်တော် ၁၂ ဒီဇင်ဘာ
အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကြီးကြပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အရက်တင်သွင်းခွင့် လုပ်ထုံးလုပ်နည်း(မူကြမ်း)ကို ပြုစုလျက်ရှိပြီး အပြီးသတ်မူကြမ်းရရှိပါက ခွင့်ပြုချက်များကို ဆက်လက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကုန်သွယ်ရေးဦးစီးဌာနမှ အရက်တင်သွင်းခွင့် လုပ်ထုံးလုပ်နည်း(မူကြမ်း)အပေါ် ပြည်တွင်းလုပ်ငန်းရှင်များ၏ သဘောထားမှတ်ချက်များ၊ ယမကာနှင့်ဆက်စပ်သည့် အသင်းအဖွဲ့များထံမှ သဘောထား၊ အကြံပြုချက်များကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက လုပ်ထုံးလုပ်နည်း(မူကြမ်း)အပေါ် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ယစ်မျိုးဥပဒေ(မူကြမ်း)အပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သဘောထားမှတ်ချက်များ အပါအဝင် ယခင်တတိယအကြိမ် ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ပြန်လည်တင်ပြဆွေးနွေးရမည့် အကြောင်းအရာများကို ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
သတင်းစဉ်