နေပြည်တော် ၆ သြဂုတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Eurocham Myanmar မှ Executive Director, Mr. Marc de la Fouchardiere နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Eurocham Myanmar မှ စက်တင်ဘာလအတွင်း ကျင်းပမည့် ဒုတိယအကြိမ်မြောက် တရားမဝင်ကုန်သွယ်မှု တားဆီးတိုက်ဖျက်ရေးဖိုရမ် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏ အခွန်အခများ ဆုံးရှုံးခြင်း၊ စားသုံးသူပြည်သူများ ထိခိုက်နစ်နာခြင်းတို့ အပါအဝင် နောက်ဆက်တွဲ ဆိုးကျိုးများအား ထိထိရောက်ရောက် ထိန်းချုပ်ဆောင်ရွက်နိုင်ရန်အတွက် အစိုးရနှင့်ပုဂ္ဂလိက နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ တရားမဝင်ကုန်သွယ်မှုကို ထိန်းချုပ်ခြင်းဖြင့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖိတ်ခေါ်သွားနိုင်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းကောင်းများ ဖန်တီးသွားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


