နေပြည်တော် ၇ ဇန်နဝါရီ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ယနေ့တွင် Ministry of Economy, Trade and Industry (METI) of Japan မှ Trade and Economic Cooperation Bureau ၏ Director General Mr. Masaki ISHIKAWA ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် The American Chamber of Commerce in Myanmar ၏ Executive Director Ms. Zara Dang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ သီးခြားစီတွေ့ဆုံသည်။
Ministry of Economy, Trade and Industry (METI) of Japan မှ Trade and Economic Cooperation Bureau ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် သီလဝါ အထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သော အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်အတွင်း လုပ်ကိုင်နေသော ကုမ္ပဏီများတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများအတွက် အလုပ်သင်သင်တန်းများ၊ သက်မွေးပညာသင်တန်းများ ပံ့ပိုး ပေးသွားရေး၊ မြန်မာ-ထိုင်း-ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မည့် ထားဝယ် အထူးစီးပွား ရေးဇုန် ဆောလျင်စွာ ဆောင်ရွက်သွားနိုင်ရေးနှင့် ဇန်နဝါရီလအတွင်း နေပြည်တော်တွင် ကျင်းပမည့် Invest Myanmar Summit သို့ ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ရေးတို့ကို ဆွေးနွေးကြသည်။
The American Chamber of Commerce in Myanmar မှ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံစဉ် စားသုံးသူပြည်သူများအား အကာအကွယ်ပေးရေးမှာ အဓိက ဦးစားပေးလုပ်ငန်းစဉ်တစ်ခု ဖြစ်သည့်အားလျော်စွာ ပြည်သူများသုံးစွဲမည့် ကုန်ပစ္စည်းများ ဘေးကင်းလုံခြုံ စိတ်ချရစေရေးအတွက် ကုန်စည်များတွင် သုံးစွဲပုံနှင့် ပတ်သက်သော သတင်းအချက်အလက်များနှင့် ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြသွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
(သတင်းစဉ်)