နေပြည်တော်  ဇူလိုင်  ၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ၆၆ ကေဗွီ ပင်းတယဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေကို ကြည့်ရှုစစ်ဆေးကာ ဓာတ်အားခွဲရုံရှိ ဝန်ထမ်းများ လိုက်နာလုပ်ဆောင်နိုင်ရေးအတွက် မိမိမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုကို Single Line Diagram နှင့် ဓာတ်အားခွဲရုံတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် (SOP) များကို Vinyl ရေးဆွဲ၍ ချိတ်ဆွဲထားရှိရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ကြရန် မှာကြား၍ ဝန်ထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ဇွန် ၂၉ ရက်က မဟာဓာတ်အားလိုင်းမှူးရုံး (နမ့်စန်) က တာဝန်ယူ ထိန်းသိမ်းသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ၁၃၂ ကေဗွီ ကလော-တောင်ကြီး အမှတ် (၁) ဓာတ်အား လိုင်းကြံ့ခိုင်မှုရှိစေရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် တိုင်အမှတ် (၉၀) နှင့် (၉၁) အကြားတွင် ကြွေသီးထပ်တိုးတပ်ဆင်ခြင်းနှင့် ကြိုးလွန်းဖွာမှု ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုကို သွားရောက်ကြည့်ရှုပြီး ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ချိန်အတွင်းပြီးစီးစေရေး ဂရုပြုဆောင်ရွက်ကြရန်၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေး ထိန်းသိမ်းကြံ့ခိုင်ရေး  ပုံမှန်စစ်ဆေးဆောင်ရွက်ကြရန် မှာကြားသည်။

 

mdn


ထို့နောက် တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသို့ သွားရောက်ပြီး ဓာတ်အား ထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားထုတ်လုပ် မောင်းနှင်နေမှု၊ ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်နေမှုနှင့် ကျောက်မီးသွေးမိုင်းအတွင်း တူးဖော်ထုတ်လုပ်နေမှု အခြေအနေတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကလောမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဓာတ်အားကောက်ခံမှု မှန်ကန်မှုရှိစေရန် မီတာများ လိုဖတ်/ ပိုဖတ်ခြင်း မရှိစေရေး သတ်မှတ်ကာလအတွင်း မီတာများ မှန်ကန်စွာဖတ်ရှုမှတ်တမ်းတင်ရန်၊ ဓာတ်အားခများ အပြည့်အဝ ကောက်ခံရရှိရေး အထူးအလေးထား ဆောင်ရွက်ရန်၊ ဓာတ်အားခ ငွေများမသမာမှုမဖြစ် ပေါ်စေရေးအတွက် နေ့စဉ်ကောက်ခံရရှိမှုနှင့် အပ်နှံမှုစာရင်း ကွဲလွဲမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးရန်နှင့် ရပ်/ပျက်/နှေး မီတာများကို ပုံမှန်ကွင်းဆင်း စစ်ဆေးဖော်ထုတ်၍  ဓာတ်အားခ ဆုံးရှုံးနစ်နာမှုမဖြစ် စေရေး အစားထိုး လဲလှယ်တပ်ဆင်ပေးရန် မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကာ ဝန်ထမ်းနေအိမ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်