ဒုတိယဝန်ကြီး ဦးအေးကျော် ကျိုင်းတုံခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ  ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ကိုသွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပို့လွှတ်ပေးနေမှုနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မဟာဓာတ်အားလိုင်းများကြံ့ခိုင်ထိန်းသိမ်းမှုကို ကြိုတင် ကာကွယ် ဆောင်ရွက်ထားရန်၊ထရန်စဖော်မာဝန်အားစာရင်းအား အမြဲစိစစ်၍ မှတ်တမ်းထား ရှိရန်၊ ဓာတ်အားလွှတ်ပစ္စည်းများကို ပုံမှန်စစ်ဆေး၍ လိုအပ်သော ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရန်၊ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးပစ္စည်းနှင့် ဓာတ်အားလိုင်းထိန်း သိမ်းပြုပြင်ရေး ပစ္စည်းများ စနစ်တကျသိမ်းဆည်းထားရှိရန်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရေး လုံခြုံရေး အသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွှတ် စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်  မှာကြားပြီး ဓာတ်အား ထိန်းချုပ်ခန်း အတွင်းမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဆွိယာဒ်(Switch Yard)အတွင်း ဓာတ်အားလွှတ် ပစ္စည်းများ၏အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့၏တောင်ဘက်ရှိ နမ့်ဝုတ်နှင့် နမ့်စို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံ ဆိုင်ရာအချက်အလက်များနှင့် လက်ရှိမောင်းနှင်ဓာတ်အားထုတ်လုပ်ပေးနေမှုတို့ကို ရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နေမှု နှင့် လုပ်ငန်းများလျာထားဆောင်ရွက်နေမှု ၂၀၂၃-၂၀၂၄ ဘဏ္ဏာနှစ်အကောင်အထည် ဖော်နိုင်မှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဏာနှစ်လျာထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြ ဒုတိယ ဝန်ကြီးက သတ်မှတ်ကာလအတွင်း မီတာများပုံမှန်ဖတ်ရှုရေးနှင့် ဓာတ်အားခများပုံမှန် ကောက်ခံ ရရှိရေး အထူးအလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဓာတ်အားပျောက်ဆုံး မှုလျော့ နည်းကျဆင်းရေးနှင့် ဓာတ်အားပြတ်တောက်မှုနည်းပါးစေရေး ဓာတ်အားလိုင်းနှင့် မလွတ်ကင်း သည့် သစ်ပင်/သစ်ကိုင်းများ ပုံမှန် ရှင်းလင်းခုတ်ထွင်သွားရန်၊လိုင်းထိန်းသိမ်းကြံ့ခိုင်ရေးနှင့် ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ် ပစ္စည်းများ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရန်၊ ပြည်သူများလျှပ်စစ် အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကြရန်မှာကြားကာ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၃၃ကေဗွီဓာတ်အားခွဲရုံနှင့် ဝန်ထမ်းအိမ်ရာတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်