နေပြည်တော် မေ ၂၃  

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည်  ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ယမန်နေ့တွင် အလွန့်အလွန်အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန် တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၁)နှင့် ၆၆/၁၁ ကေဗွီအမှတ်(၂) ဆတ်ရိုးကျဓာတ်အားခွဲရုံတို့အတွင်းရှိ ပြန်လည်ပြင် ဆင်နေမှုများနှင့် ဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည်  ပြည်နယ်အင်ဂျင်နီယာရုံး၊ ဧည့်ရိပ်သာ သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ စစ်တွေမြို့ မေယုလမ်းမတစ်လျှောက်၊ မင်းဘာကြီးလမ်းတစ်လျှောက်နှင့် ပြည်နယ်လွှတ်တော်လမ်းတစ်လျှောက် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ၆၆/၁၁ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၁)၊ Control Room နှင့် လေဘေးကြောင့် ပျက်စီးသွားသည့် မီးစက်အဆောက်အအုံ၊ စစ်တွေမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံး ငွေလက်ခံကောင်တာနှင့် ခွဲရုံဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ ပစ္စည်းသိုလှောင်ရေးအဆောက်အဦများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေးမှာကြားကာ ဝန်ထမ်းနှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌  အင်ဂျင်နီယာချုပ်၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ဘဏ္ဍာရေးတာဝန်ခံ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး ၆၆/၁၁ ကေဗွီအမှတ်(၂) ဆတ်ရိုးကျ ဓာတ်အားခွဲရုံ ဝန်းအတွင်းရှိ လေဘေးကြောင့်ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများအခြေအနေ၊ ဓာတ်အား ခွဲရုံ Switch Yard အတွင်း ပျက်စီးသွားသည့် ဓာတ်အားခွဲရုံ ဆက်စပ်ပစ္စည်းများ ပြန်လည် ပြင်ဆင်နေမှုအခြေအနေနှင့် စစ်တွေလေဆိပ်လမ်းတစ်လျှောက်ရှိ ဓာတ်အားဖြန့်ဖြူးရေး လိုင်းများ ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် အင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုတိယအင်ဂျင်နီယာချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင် နီယာရုံးများမှ လုပ်ငန်းလာရောက်ဆောင်ရွက်သော တာဝန်ရှိသူများကို တွေ့ဆုံ၍ သဘာဝ ဘေးအန္တရာယ် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့မှုများမှ ဓာတ်အားအမြန်ဆုံးပို့လွှတ်ဖြန့်ဖြူးနိုင်ရေး၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေးလိုင်းများ ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်