နေပြည်တော်၊ ဇန်နဝါရီ ၂၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့်အတူ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် မကွေးတိုင်း ဒေသကြီးအတွင်းရှိ ၁၃၂ ကေဗွီ မကွေးပင်မ ဓာတ်အားခွဲရုံ (မကြီးကန်) သို့သွားရောက်၍ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးစဉ် ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အား ထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးထားရှိမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေး အသိ၊ သတိဖြင့် ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း လျှပ်စစ် ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု၊ Switch Yard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ဓာတ်အားလွတ် ပစ္စည်းများ၏ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့၊ သပြေစမ်းကျေးရွာရှိ Solar Hybrid Power Plant စီမံကိန်း လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားပြီး စီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်တိုးတက်မှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


