နေပြည်တော် ဇူလိုင် ၁၉

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းတွင် မင်းပြားမြို့ သို့ ရောက်ရှိပြီး မင်းပြားမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ငွေကောက် ကောင်တာတွင် မီးသုံးသူပြည်သူများက လျှပ်စစ်ဓာတ်အားခ လာရောက်ပေးဆောင်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။  ညနေပိုင်းတွင် မြောက်ဦးမြို့ သို့ရောက်ရှိရာ မြောက်ဦးမြို့နယ် လျှပ်စစ်အင်ဂျင် နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

 

မင်းပြားမြို့နယ်လျှပ်စစ်  အင်ဂျင်နီယာရုံး ဝန်ထမ်းများ နှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယခုကဲ့သို့ မုန်တိုင်းအလွန်ကာလတွင် ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပေး နိုင်ရေး တာဝန်ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်ပေးကြသည့် ဝန်ထမ်းများကို အထူးကျေးဇူးတင် ဂုဏ်ပြုပါ ကြောင်း၊ မိမိတို့ ဝန်ထမ်းများအနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေး၊ စာရင်းတင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်မှ အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု နည်းပါးစေရေး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်၊ ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပြီး မီးသုံးသူပြည်သူများက ငွေကောက်ကောင်တာတွင် ဓာတ်အားခ လာရောက်ပေးဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ညနေပိုင်းတွင် မြောက်ဦးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ခရိုင်လျှပ်စစ် အင်ဂျင်နီယာရုံး၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးနှင့် ဓာတ်အားခွဲရုံတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယခုအခါ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးသွားခဲ့သည့် မြို့နယ်(၁၀)မြို့နယ်အား ဓာတ်အားစနစ်မှဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်ကျေးရွာများ အမြန်ဆုံး ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးကြရန်၊  မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းရှင်းလင်းခြင်း၊ စာရင်းပြုစုထိန်းသိမ်းခြင်းများ ဆက်လက်လုပ်ဆောင်သွားရန်၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ လစဉ်မီတာများ မှန်ကန်စွာ ပုံမှန်ဖတ်ရှုစေရေးနှင့် ဓာတ်အားခများ ပုံမှန်ကောက်ခံရရှိရေး အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ရုံးများ၌ စာရွက်စာတမ်းလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ ပြည်သူများအားကိုးသည့် လျှပ်စစ်ဝန်ထမ်း ဖြစ်စေရေး၊ ဝန်ထမ်းများ မိသားစုသဖွယ် စည်းလုံးညီညွှတ်စွာ နေထိုင်သွားကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)