နေပြည်တော် စက်တင်ဘာ ၂၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့၌ ရေတိုက်စားမှုကြောင့် ယိုင်လဲပျက်စီးသွားခဲ့သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများကို ဌာနမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြန်လည်ပြုပြင်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုပြီး ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများကို စနစ်တကျ ပြန်လည်အသုံးပြုသွား ရန်မှာကြား၍ လုပ်ငန်းများအမြန်ဆုံး ပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာအတွင်း ရာဂီမုန်တိုင်း၏အရှိန်ကြောင့် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကျေးရွာ၊ ရပ်ကွက်ပေါင်း (၂၈၈)ရွာ ဓာတ်အားပြတ်တောက်ခဲ့ပြီး ဌာနမှကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၆ ရက်တွင် ကျေးရွာ၊ ရပ်ကွက် ပေါင်း(၂၀၅)ရွာကို ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသော ကျေးရွာ၊ ရပ်ကွက်များ ဓာတ်အားအမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


