နေပြည်တော် နိုဝင်ဘာ ၂၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောခရိုင်အတွင်းရှိ ဟဲဟိုးမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဟဲဟိုးဓာတ်အားခွဲရုံသို့ ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ဟဲဟိုးမြို့၊ ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဟဲဟိုးဓာတ်အားခွဲရုံသို့ ရောက်ရှိစစ်ဆေးပြီး ယခုနှစ် စက်တင်ဘာလမှ စတင်၍ ဓာတ်အားခနှုန်းထားများ တိုးမြှင့်သတ်မှတ်ခဲ့ရာ မီတာသုံးစွဲမှု ယူနစ်အတွက် လျှပ်စစ်ဓာတ်အားခများ မှန်ကန်စွာ ကောက်ခံနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားကြရန်၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေး စစ်ဆေးဖော်ထုတ် ဆောင်ရွက်သွားရန်၊ ဓာတ်အားခများကို အလွဲသုံးစားမှုများ မရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများအနေဖြင့် ဓာတ်အားခများ နေ့စဉ်ကောက်ခံရရှိမှု/ အပ်နှံမှု စစ်ဆေးမှတ်တမ်းတင်ရန်နှင့် ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းရေးအတွက် ရပ်/ ပျက်/ နှေးမီတာများ သေချာစွာ စစ်ဆေးလဲလှယ်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ငွေလက်ခံကောင်တာဖွင့်လှစ်၍ ကွန်ပြူတာစနစ်ဖြင့် ဓာတ်အားခကောက်ခံနေမှု၊ နေ့စဉ်ဓာတ်အားခ ကောက်ခံငွေများအား စာရင်းများ စနစ်တကျဖြည့်သွင်း၍ တာဝန်ရှိသူများမှ ကြီးကြပ်စစ်ဆေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဟဲဟိုးမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးဝန်းအတွင်း သောကြာနေ့တိုင်း ရုံးဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်နေမှုများကို ကြည့်ရှုအားပေးကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


