နေပြည်တော် ဇွန် ၃၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၈ ရက် ညနေပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ပြည်နယ်/ ခရိုင်/ မြို့နယ်များမှ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေး တာဝန်ခံများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် မီတာဖတ်ရှုမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေး အသိ၊ သတိဖြင့် ဆောင်ရွက်ကြရန်၊ ပြည်သူများ၏ ဓာတ်အားသုံးစွဲမှု မှန်ကန်မှုရှိစေရန် မီတာ ယူနစ်များ လိုဖတ်/ ပိုဖတ်ခြင်းမရှိစေရေး သတ်မှတ်ကာလအတွင်း မီတာများမှန်ကန်စွာ ဖတ်ရှု၍ စာရင်းရေးသွင်းရန်၊ ဓာတ်အားခများ အပြည့်အဝ ကောက်ခံရရှိရေးနှင့် ဓာတ်အားခ ငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေး နေ့စဉ်ကောက်ခံရရှိငွေစာရင်းနှင့် ဓာတ်အားခ တောင်းခံလွှာ လက်ခံဖြတ်ပိုင်းများဖြင့် တိုက်ဆိုင်စစ်ဆေးရန်နှင့် ရပ်/ ပျက်/ နှေး မီတာများကို ပုံမှန် ကွင်းဆင်းစစ်ဆေး၍ အမြန်ဆုံး အစားထိုးလဲလှယ် တပ်ဆင်ပေးရန်၊ ပြည်သူများလျှပ်စစ် အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် တောင်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတို့၌ ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံးဝင်းအတွင်းရှိပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားရှိသည့်စတိုနှင့် ဝန်ထမ်း အိမ်ရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


