နေပြည်တော် ဇွန် ၂၈

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ ဉက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး ခရိုင်အတွင်းရှိ  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့သို့ရောက်ရှိပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မီတာများကို လျှပ်စစ်စမ်းသပ်စစ်ဆေးရေးဌာန (Test Lab)သို့ အချိန်မီပေးပို့ စစ်ဆေးပြီး Result အရ ထွက်ရှိလာသည့်မီတာများကို လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိစေရေး၊ အိမ်တွင်း သွယ်တန်းမှုများနှင့် ဆားဗစ်ဝါယာများကို စနစ်တကျစိစစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးပြန် လည်တပ်ဆင်ပေးရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်မှာကြား၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်ပြီး ဓာတ်အားခွဲရုံနှင့် မြို့တွင်းဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံ၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ဘတ်ဂျက်ပါ စီမံကိန်းလုပ်ငန်းများအတွက် ပစ္စည်းများ အချိန်မီရောက်ရှိရေးနှင့် သတ်မှတ်ကာလ အတွင်းပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ မဟာဓာတ်အားလိုင်းများ ကြံ့ခိုင်ထိန်းသိမ်းမှုကို ကြိုတင်ကာကွယ်ဆောင်ရွက်ထားရန်၊ ဓာတ်အားလွှတ်ပစ္စည်းများကို ပုံမှန်စစ်ဆေး၍ လိုအပ်သော ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်မှာကြား၍ ဝန်ထမ်းများ၏ တင်ပြမှုများ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် ဆွိယာဒ်(Switch Yard)အတွင်း တို့ချဲ့လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)