နေပြည်တော်၊ မတ် ၁၇

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ အလုံသဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေး စက်ရုံသို့ရောက်ရှိရာ တာဝန်ခံများနှင့် တာဝန်ရှိသူများက ပစ္စည်းများ ထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားထုတ်လုပ် ပို့လွှတ်ဖြန့်ဖြူးရေးအတွက် ပစ္စည်းများ အလေအလွင့်မရှိ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ ဝယ်ယူဖြည့်တင်းရေး၊ ထောက်ပံ့ပေးနိုင်ရေးသည် အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ပစ္စည်းများ ရရှိ/ ထုတ်ပေး/ သုံးစွဲ/ လက်ကျန် စာရင်းများကို စနစ်တကျ မှတ်တမ်းရေးသွင်းထားရှိကြရန်၊ အသုံးမလိုပိုလျှံပစ္စည်းများ၊ သက်တမ်းကျော်လွန်နေသည့် ပစ္စည်းအမျိုးအမည်များကို စနစ်တကျထားရှိပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိရန် မှာကြားပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဌာနတို့၏ ပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားရှိရာ ပစ္စည်းစီမံရေးဌာနဝင်းများသို့ သွားရောက်၍ လျှပ်စစ်/ စက်မှု/ မြို့ပြ ဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းဆိုင်ရာ ပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းတွင် ပြန်လည်အသုံးပြု၍ မရသောပစ္စည်းများ၊ ဆယ်တင်အသုံးပြုနိုင်သော ပစ္စည်းများ၊ အသုံးမလို ပိုလျှံပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် ၊ နှစ်ကာလကြာ အထုတ်/အသွင်း မရှိသော စီမံကိန်း လက်ကျန်ပစ္စည်းများ၊ Dead Item ပစ္စည်းများမှာ ကာလကြာမြင့်သော နှစ်ဟောင်းပစ္စည်းများဖြစ်သဖြင့် စာရင်းမှ ပယ်ဖျက်/ နှုတ်ပယ်၍ လေလံတင် ရောင်းချရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်၊ လက်ကျန်များစွာ ကျန်ရှိနေသည့် ပစ္စည်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများအတွက် ထုတ်ယူသုံးစွဲနိုင်ရေး သက်ဆိုင်ရာအင်ဂျင်နီယာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်၊ နှစ်ချုပ်လက်ကျန် မှန်ကန်မှုရှိစေရေးအတွက် ထုတ်ယူသုံးစွဲထားသော ပစ္စည်းများကို ဘဏ္ဍာရေးနှစ်အလိုက် အချိန်မီ စာရင်းဖြောင့်ရှင်းလင်းရန် ၊ ပစ္စည်းထားသိုသည့် ဂိုဒေါင်များ လုံခြုံမှုရှိစေရေး လုံခြုံရေးကင်မရာ (CCTV) များ တပ်ဆင်ကြရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြုလုပ်ထားကြရန် မှာကြားပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်