နေပြည်တော် ဇန်နဝါရီ ၉

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတ ရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်မြို့ရှိ ၂၃၀ကေဗွီ အသုတ်ပင်မ ဓာတ်အားခွဲရုံသို့ရောက်ရှိ၍ ဓာတ်အားခွဲရုံ၏ (Switch Yard) အတွင်း ၆၆ကေဗွီ Switch Bay အသစ်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဓာတ်အားလွှတ်ပစ္စည်းများကို ကြည့်ရှုစစ် ဆေးပြီး ဒုတိယဝန်ကြီးက ဓာတ်အားလွှတ်ပစ္စည်းများ အားပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းများအား ထောက်ပံ့ ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဒရယ်ကူးကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရံပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ၆၆/၁၁ကေဗွီ, ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံသစ်တည်ဆောက်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလ အတွင်း ကျန်ရှိသော မြို့ပြတည်ဆောက်ရေးလုပ်ငန်း၊ မြေသား လုပ်ငန်းနှင့် လျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းများကို အချိန်ဇယားဖြင့် ပြီးစီးအောင်ဆောင်ရွက်ရေး၊ ဓာတ်အားလွှတ်ပစ္စည်းများ စမ်းသပ်စစ်ဆေးခြင်းနှင့် ဓာတ်အားသုံးစွဲမည့် ကျေးရွာ(၃၆)ရွာ အတွင်း/ အပြင် ဓာတ်အားလိုင်းများ အချိန်ကိုက်အပြီးသတ်စစ်ဆေးရေး ၊ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်း ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့ရှိ Global Earth (GEAAI)သို့ ရောက်ရှိရာ စပါးခွံ လောင်စာသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်နေမှုကို တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြရာ လိုအပ်သည်များ မှာကြားသည်။

 

ဇန်နဝါရီ ၈ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပဲခူးမြို့ရှိ ပဲခူးတိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံး သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)