ရန်ကုန် ဇန်နဝါရီ ၁၉

 

စေတိယင်္ဂပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နေ အောင်ရွှေနန်းဟိန်း ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ဦးဇော်ဌေး+ဒေါ်နွဲ့နွဲ့ဝင်း မိသားစုတို့က ကျောက်စိမ်းဖြင့်ထုလုပ်ထားသည့် အချင်း ၃၀ လက်မ၊ ထု ၃ လက်မခွဲအရွယ်ရှိ "စေတိယင်္ဂဏစာလျှောက်မေးပွဲတံဆိပ်တော်"များအား ရွှေတိဂုံ စေတီတော်ဗုဒ္ဓပြတိုက်သို့ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက် ဗုဒ္ဓပြတိုက်တွင်ကျင်းပသည်။

 

အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

 

ဦးစွာ စေတိယဏ၀ဋံသကာ မှန်ကင်းပဇ္ဇောတာရုံဆရာတော် ဘဒ္ဒန္တဣဒ္ဓိကာဘိဝံသထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး အလှူရှင်များက လှူဒါန်းမှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပြတိုက်ပြခန်းဌာန တာဝန်ခံဂေါပကအဖွဲ့ဝင်ထံ လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် အလှူရှင်များက ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပါဠိတက္ကသိုလ်ညောင်ကုန်းကျောင်းတိုက် ပဓာနနာယက တိပိဋကဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သ.၈.အ ဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူ စေတိယင်္ဂဏပဝရ သိရီမဟာဓမ္မဂုရု နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) ထံမှ အနုမောဒနာတရားနာကြားယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကြသည်။

 

စေတိယင်္ဂဏစာလျှောက်မေးပွဲနှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ကျောက်စိမ်းတံဆိပ်တော်များကို ဘုရားဖူး အများပြည်သူတို့ လေ့လာကြည့်ရှုနိုင်စေရန်အတွက် ရွှေတိဂုံစေတီတော် ဗုဒ္ဓပြ တိုက်တွင် ခင်းကျင်းပြသပေးထားမည်ဖြစ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် (၁၀၆) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့်အတူ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူ ပူဇော်နေမှု အခြေအနေ၊ ထီးတော်နှင့် ဆပ်သွားဖူးတော်ရှိ ရတနာပစ္စည်းများ ရောင်တော်ဖွင့်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်သို့ ငြမ်းစေတီ ဆက်လက်တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် အစည်းအဝေးခန်းမ၌ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်