ရန်ကုန် ဒီဇင်ဘာ ၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းသည် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ သမိုင်းဝင်ဟင်္သာကုန်း စေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။
ယင်းနောက် စေတီတော်ကြီး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တည်ဆောက်တပ်ဆင်ခဲ့သည့် လူဦးရေ ၁၂ ယောက်စီး ဓာတ်လှေကားကိုလည်းကောင်း၊ သမိုင်းဝင် ရွှေမော်ဓော စေတီတော်မြတ်ကြီး၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တည်ဆောက် တပ်ဆင်ခဲ့သည့် စက်လှေကားကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပလျက်ရှိသည့် ပရိယတ္တိ သဒ္ဓမ္မရက္ခိတအသင်းကြီး၏ (၃၆) ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲကြီးသို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြသော ရဟန်း၊ သာမဏေ၊ သီလရှင် ၁၁၅၅ ပါးတို့ကို ဖူးမြော်ကြည်ညို၍ ဆွမ်းကွမ်းဝေယျာဝစ္စနှင့် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန် စာမေးပွဲကျင်းပရေး နာယက၊ ပဲခူးမြို့နယ် သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရာလင်္ကာရာ ဘိဝံသထံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၂၀ ကို ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲအင်းဂူရိပ်သာ ဗဟိုဌာနချုပ်သို့ သွားရောက်၍ သဲအင်းဂူရိပ်သာ ပဓာနနာယက ဘဒ္ဒန္တ ဝိလာသ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) ဆရာတော်နှင့် မရမ်းကုန်းမြို့နယ်၊ စွန်းလွန်းဝိပဿနာကမ္မဋ္ဌာန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသတို့အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အလှူတော်ငွေ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ မိုးကုတ်ဝိပဿနာ ဌာနချုပ်သို့ ရောက်ရှိ၍ ဒုတိယနာယကချုပ်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ၊ အောင်ဆန်းတောရ ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တကိတ္တိသာရ၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ စန္ဒာဝရာဘိဝံသ ဆရာတော် တို့အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဗဟန်းမြို့နယ်၊ သာသနာ့ဝန်ဆောင် သာမဏေကျော် အသင်းသို့ ရောက်ရှိ၍ စာဖြေသံဃာများ ဆွမ်းကွမ်းဝေယျာဝစ္စအတွက် အလှူတော်ငွေကျပ်သိန်း ၂၀ ကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗဟန်းမြို့နယ် မဟာစည်သာသနာ့ ရိပ်သာဌာနချုပ်သို့ ရောက်ရှိ၍ နာယကချုပ်ဆရာတော် ဘဒ္ဒန္တဝါသဝ(အဂ္ဂမဟာပဏ္ဍိတ)၊ ရွှေမင်းဝံ ဆရာတော် ဘဒ္ဒန္တသောဘဏ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) တို့အား ဖူးမြော်ကြည်ညိုကာ သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး အလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်