ရန်ကုန်၊ ဇန်နဝါရီ ၂၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းသည် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ မဟာနာယကကျောင်းတော်ကြီး ဘုရားခန်းမ၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ တတိယအဖွဲ့ခွဲ ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညိုပြီး အဋ္ဌကထာစာအုပ်များကို ဆဋ္ဌမူအတိုင်း ပုံနှိပ်ထုတ်ဝေမည့် ကိစ္စရပ်များ၊ အဋ္ဌမအကြိမ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ သောဠသမအစည်းအဝေးနှင့် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေးများ ကျင်းပမည့် အခြေအနေများနှင့်စပ်လျဉ်း၍ လျှောက်ထားကာ ဆရာတော်ကြီးများထံမှ သြဝါဒခံယူသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်၁၀ နာရီခွဲတွင် ကမ္ဘာအေး ကုန်းမြေ၊ သုံးထပ်ဆွမ်းစားဆောင်၌ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်များနှင့် သဘောရေးဖြေစာမေးပွဲ စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုကို ကြည်ညိုသည်။ မွန်းလွဲပိုင်းတွင် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်များနှင့် သဘောရေးဖြေစာမေးပွဲ ဖြေဆိုတော်မူကြသည့် စာဖြေသံဃာတော်များအား ဖူးမြော်ကြည်ညိုသည်။ ယနေ့တွင် အဘိဓမ္မာပထမပိုင်း (ဝိဘင်္ဂ) ဖြေဆိုသံဃာ (၁၁) ပါး၊ အဘိဓမ္မာဒုတိယပိုင်း (ယမိုက်) ဖြေဆို သံဃာ (၅) ပါးနှင့် ဝိနည်းပထမပိုင်း (ပါစိတ်) ဖြေဆိုသံဃာ ၁၀၅ ပါး၊ စုစုပေါင်းသံဃာ ၁၂၁ ပါးတို့ ဖြေဆိုလျက်ရှိပြီး တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး သဘောရေးဖြေစာမေးပွဲကို ဇန်နဝါရီ၂၄ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကမ္ဘာအေးကုန်းမြေ ရေဂါလံ (၅၀၀၀၀) ဆံ့ ရေတိုင်ကီနှင့် ရေစင်အသစ် တည်ဆောက်ခြင်းလုပ်ငန်းနှင့် မဟာနာယကကျောင်းတော်ကြီး၏ ဆွမ်းချက်ဆောင် သံကူကွန်ကရစ်တစ်ထပ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးများအတိုင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်သွားရန် မှာကြားပြီး နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ပရိဝုဏ်အတွင်းရှိ ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် မဟာသိမ်တော်ကြီး အကြီးစားပြုပြင်မွမ်းမံပြင်ဆင်မည့် အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်