နေပြည်တော်၊ ဩဂုတ် ၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက် ၈ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ နေထိုင်သည့် ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်မှုနှင့် ဝန်ထမ်းအိမ်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်မှုအခြေအနေတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ဉီးစွာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်ရှိ အရာထမ်းအိမ်ရာ၊ စံပယ်အိမ်ရာ၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူပျိုဆောင်၊ အပျိုဆောင်နှင့် ဓနသိဒ္ဓိရပ်ကွက်ရှိ အရာထမ်းအိမ်ရာနှင့် အမှုထမ်းအိမ်ရာများ၏ သန့်ရှင်းရေးဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
အလားတူ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် မွန်းလွဲ ၁ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပညာသိဒ္ဓိ ရပ်ကွက်နှင့် ဘောဂသိဒ္ဓိရပ်ကွက်တို့ရှိ ဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများနှင့် လူပျိုဆောင်၊ အပျိုဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်း မိသားစုများနှင့် လူပျိုဆောင်၊ အပျိုဆောင်တို့တွင် နေထိုင်ကြသော ဝန်ထမ်းများအနေဖြင့် မိမိတို့ နေထိုင်သည့် တိုက်နှင့် အဆောင်ပတ်ဝန်းကျင် သန့်ရှင်းရေးကို ပူးပေါင်းဆောင်ရွက်ကြရန်၊ မိုးတွင်းကာလဖြစ်၍ ဝန်ထမ်းအိမ်ရာ တိုက်ပတ်ဝန်းကျင်ရှိ ရေမြောင်းများအတွင်း ခြင်၊ ယင်များ ပေါက်ပွားနိုင်ပြီး ကျန်းမာရေးထိခိုက်နိုင်သဖြင့် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေဘဲ ရေစီးရေလာ ကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်ရန်၊ ပတ်ဝန်းကျင် မြက်၊ ချုံနွယ်၊ ပေါင်းပင်များ ရှင်းလင်း ဆောင်ရွက်ရန်၊ သစ်ပင်များ အလင်းဖွင့်ရန်နှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရန် သက်ဆိုင်ရာ တိုက်တာဝန်ခံနှင့် အဆောင်တာဝန်ခံများအား မှာကြားသည်။
ထိုနောက် ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ၌ ပတ်ဝန်းကျင် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပမှု၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်မှု ရှိ/ မရှိ၊ သစ်ပင်များ အလင်းဖွင့် ဆောင်ရွက်မှု၊ မြက်ချုံများ ရှင်းလင်းမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


