နေပြည်တော်၊ ဧပြီ ၂၄

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ဆင်သေဆည်ရေ သောက်စနစ်ရှိ လက်ယာမြောင်းမကြီးနှင့် လက်ဝဲမြောင်းမကြီးတို့မှ နွေစပါးနှင့်နွေ အခြားသီးနှံ လျာထားဧရိယာများသို့ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကိုကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးသည် ဆင်သေရေလှောင်တမံမှ ထုတ်လွှတ်သောရေများအား ဆင်သေချောင်းမှ တိုက်ရိုက် ရေသွယ်မြောင်း တူးဖော်၍ လယ်ယာမြောင်းမကြီးသို့ ရေပိုလွှတ်ပြီး လက်တံမြောင်း၊ လက်တံမြောင်းခွဲများတို့မှ နွေစပါးစိုက်ခင်းများသို့ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေ၊ ရေစုဧရိယာမှ တဆင့် ရေစုပ်တင်ပန့်များဖြင့် အသုံးပြုကာ လက်ဝဲမြောင်းမကြီးသို့ ရေပေးသွင်း၍ နွေစပါးစိုက်ခင်း များသို့ ရေရောက်ရှိနေမှုအခြေအနေနှင့် ဆင်သေရေလွှဲဆည်‌ရှေ့တွင် မြေသားရေတားတာပေါင် မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ဆင်သေချောင်းမှ လက်ဝဲမြောင်းမကြီး အတွင်းသို့ စိုက်ပျိုးရေ ပိုမိုပေးဝေနိုင်ရေးအတွက် တိုက်ရိုက်ရေခေါ်မြောင်း တူးဖော်ခြင်းလုပ်ငန်း စတင် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆင်သေဆည်ရေသောက်စနစ်အတွင်းရှိ နွေစပါးနှင့် နွေအခြားသီးနှံ လျားထားဧရိယာများအားလုံးသို့ စိုက်ပျိုးရေ အမြန်ဆုံးရောက်ရှိစေရေး၊ မြေသားရေတားတာပေါင် ကြံ့ခိုင်တောင့်တင်းမှုရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေ ကို လေလွင့်ဆုံးရှံးမှုအနည်းဆုံးဖြင့် စနစ်တကျ စီမံဆောင်ရွက်ကြရန်နှင့် သီးနှံများထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် တောင်သူများကိုယ်တိုင်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ကြရန်လို ကြောင်း ဆွေးနွေး ပြောကြားသည်။

 

တပ်ကုန်းမြို့နယ် မယ်ဇလီကျင်းကျေးရွာအနီး ဆင်သေရေလှောင်တမံ၏ ဆည်ရေများကို လက်ဝဲ/ လက်ယာ မြောင်းမကြီးများဖြင့် ရေသောက်စနစ်သို့ ထိန်းညှိပို့လွှတ်ပေးလျက်ရှိသည့် ဆင်သေရေလွှဲ ဆည် (ဒဟတ်ကုန်းဆည်)သည် မန္တလေးငလျင်ကြီးကြောင့် မတ် (၂၈) ရက်တွင် ပထမအကြိမ်ထိခိုက် ပျက်စီးခဲ့ပြီး ဧပြီ (၁၁) ရက်တွင်လှုပ်ခတ်ခဲ့သည့် နောက်ဆက်တွဲငလျင်များကြောင့် ဒုတိယအကြိမ် ထပ်မံကျိုးပေါက် ပျက်စီးခဲ့ရသဖြင့် ရေသောက်စ နစ်အတွင်းရှိ နွေသီးနှံများအတွက် စိုက်ပျိုးရေပေးဝေမှု နှောင့်နှေးခဲ့ရာ ယခုအချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက လက်ယာမြောင်းမကြီးအား ဧပြီ (၁၇) ရက်တွင်လည်းကောင်း၊ လက်ဝဲမြောင်းမကြီးအား ဧပြီ (၂၁) ရက် တွင်လည်းကောင်း နွေစပါးနှင့်နွေအခြားသီးနှံ လျားထား ဧရိယာများသို့ စိုက်ပျိုးရေများ ပြန်လည်ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)