နေပြည်တော် အောက်တိုဘာ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရာဂီမုန်တိုင်းအလွန် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော် တပ်ကုန်းမြို့နယ် ကျောက်ဆည်ကျေးရွာအနီးရှိ ကင်းသာရေထိန်းတမံ ရေထုတ်ပြွန်မှတစ်ဆင့် ထိခိုက်ပျက်စီးမှုမရှိသည့် စိုက်ပျိုးဧကများ အမြန်ဆုံးရေပေးဝေနိုင်ရေး ဆောင်ရွက်ခြင်း၊ စက်ယန္တရားများအသုံးပြု၍ ရေပိုလွှဲမှ ရေစီးဆင်းမှု ပိုမိုကောင်းမွန်စေရန် ရေလမ်းကြောင်းရှင်းလင်းခြင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ တာဝန်ရှိသူများက မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် ရေထိန်းတမံအတွင်းသို့ သိုလှောင်နိုင်သည့် ပမာဏထက်များစွာ ပိုမိုသောရေများ အလုံးအရင်းဖြင့် ဝင်ရောက်မှု၊ တမံထိခိုက်ပျက်စီးခဲ့မှု ဖြစ်စဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တမံအတွင်း ပြည့်နှက်နေသည့် နုန်းများ၊ သဲများကို ဖယ်ထုတ်ခြင်း လုပ်ငန်းများကို အဆင့်လိုက် ဆောင်ရွက်နိုင်ရေးစီမံရန်၊ ကျိုးပေါက်နေသည့် တမံနေရာများ စနစ်တကျဖြင့် ပြန်လည်ပြုပြင်သွားရန်အတွက် ဒီဇိုင်းပုံစံအတိုင်း စနစ်တကျပြန်လည် ပြင်ဆင်နိုင်ရေး၊ ကင်းသာရေထိန်တမံ အောက်ပိုင်းရှိ လယ်မြေများတွင် သဲနုန်းများ ဖုံးလွှမ်းပျက်စီးခြင်း၊ ချောင်းရိုးပြောင်းလဲခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း အချို့ ကုန်းမြင့်ပိုင်းလယ်များမှာ ရေဖုံးလွှမ်းမှု၊ လုံးဝထိခိုက်မှု မရှိသည်ကို တွေ့ရှိရပြီး ထိခိုက်မှုမရှိသော လယ်မြေများကို ပန်းတိုင်အထွက်ရရှိအောင် ဆောင်ရွက်ပံ့ပိုး ကူညီပေးနိုင်ရေး ဆွေးနွေးမှာကြားပြီး ကင်းသာရေထိန်းတမံအတွင်း ရေဝင်ရောက်သည့် ရေဝင်ချောင်းအထက်ပိုင်းရှိ ရိုးချောင်းများမှ ရေတိုက်စားမှုကြောင့် သဲနုန်းများ ထပ်မံဝင်ရောက်နိုင်သည့် အခြေအနေများ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မုန်ရေထိန်းတမံဆည်ရေသောက် ဧရိယာအတွင်းရှိ စိုက်ပျိုးရေပေးဝေရေးအတွက် ရေသောက်စနစ်များ ပြန်လည်ပြုပြင်ပြီး ရေပေးဝေမှု အခြေအနေကို ကြည့်ရှုစစ်ဆေး၍ တောင်သူများ၏ လိုအပ်ချက်အခက်အခဲများကို သက်ဆိုင်ရာတာဝန်ရှိသူများ ဝိုင်းဝန်းဆွေးနွေး ချိတ်ဆက်အဖြေရှာပေးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


