နေပြည်တော် ဇန်နဝါရီ ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် တဘက္ကာကျေးရွာရှိ စီပင်စိုက်ပျိုးရေးသုတေသန ခြံတွင် နေကြာမျိုးသန့် စိုက်ပျိုးထားရှိသည့် ဆင်းရွှေကြာ-၂ ဧက(၄၀) စိုက်ကွင်းကို ကြည့်ရှုစစ်ဆေးပြီးပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် ဒေသ ရေမြေရာသီဥ တုနှင့်ကိုက်ညီသော အထွက်နှုန်းကောင်းသည့် နေကြာမျိုးကောင်းမျိုးသန့်များ ပိုမိုစိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး အကြုံပြုဆွေးနွေး မှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မိတ္ထီလာတောင်ကန် ဥယျာဉ်မြောင်း ရေသောက်စနစ်အတွင်း နွေစပါးဧက(၅၀)နှင့် နွေနှမ်းဧက(၅၀) စိုက်ပျိုးမည့်နေရာ၌ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရန် အမှတ်(၂၅) စက်မှုလယ်ယာစခန်း တာဝန်ရှိသူများ၏ ဘောင်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မိတ္ထီလာမြောက်ကန် ရေသောက်စနစ် ကောက်ကွေ့တော မြောင်းတွင် နွေနှမ်း ဧက(၁၀၀)စိုက်ပျိုးမည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး အပင်ဖြစ်ထွန်း ကောင်းမွန်ရေးအတွက် လိုအပ်သော သွင်းအားစု များနှင့် တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး စသည့်လယ်ယာကဏ္ဍဆိုင်ရာ ကွင်းဆက်တစ်လျှောက်၌ သက်ဆိုင်ရာဦးစီးဌာနများက တောင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မိတ္ထီလာမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများကိုတွေ့ဆုံ၍ မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေး၊ စိုက်ပျိုးရေရရှိရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး၊ မွေးမြူရေးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အထူးအားထည့် လုပ်ဆောင်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စမုံရေငုပ်ပြွန် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ စမုံချောင်း ရေလွှဲမြောင်းဖောက်လုပ်ခြင်းနှင့် စမုံရေငုပ်ပြွန် အောက်ပိုင်းရှိ ရေသောက်ဧရိယာ ဧက(၂၀၀၀၀) ကျော်ခန့်အား ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် ရေပေးဝေရန်အတွက် ယာယီရေပေးမြောင်း ဖောက်လုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး စက်ကိရိယာ ယာဉ်ယန္တရားများ လုံလောက်မှုရှိစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးတို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


