နေပြည်တော်  ဖေဖော်ဝါရီ   ၇

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဖေဖော်ဝါရီ ၆ ရက်နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ မွေးမြူရေးအသုံးချသုတေသနနှင့် မျိုးထိန်း မျိုးပွားခြံ(သဖန်းခြံ)၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ရေစုကန်များ၏ ဝင်ရေနှင့်ရေအသုံးစွဲမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကန်အမှတ်(၂) ကန်ပေါင်ထပ်မံမြှင့်တင်ခြင်းနှင့် ရေပိုလွှဲတည်ဆောက်ခြင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရေဝေကျေးရွာအုပ်စု အင်ပင်ဝကျေးရွာအနီး အိုင်တိုချောင်း (ခေါ်) တပျော်ချောင်းပေါ်တွင် ရေလှောင်အမြင့် ပေ (၂၀)နှင့် အကျယ်ပေ (၆၀)ရှိ ကျောက်စီ သံကူကွန်ကရစ်တမံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်းလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေး ဆွေးနွေးမှာကြားသည်။

 

အဆိုပါ ကျောက်စီ သံကူကွန်ကရစ် တမံတည်ဆောက်ရေး လုပ်ငန်းပြီးစီးပါက ရေဧကပေ (၉၀) ရေသိုလှောင်၍ ရေဝေကျေးရွာအုပ်စု၊ ကျောက်အိုးကျေးရွာ၊ အင်ပင်ဝ ကျေးရွာနှင့် ရွာသစ်ကျေးရွာများရှိ အိမ်ထောင်စု (၃၄၁)စု၊ လူဦးရေ (၁၉၅၆) ဦး၊ နွား ကောင်ရေ(၁၀၅၀)ကောင်နှင့် ဆိတ်ကောင်ရေ (၂၀၀၀)ခန့်တို့ကို သောက်သုံးရေရရှိစေမည်ဖြစ်ပြီး နွေရာသီတွင် ရေစီးဆင်းမှုနည်းပါး၍ ရေရှားပါးသည့် ဒေသဖြစ်ကာ မြေအောက်ရေခန်းခြောက်မှုရှိခြင်းကြောင့် ဒေသတွင်းသောက်သုံးရေကန်များကို မြေအောက်ရေမြင့်တက်စေရန် ရေထိန်းတမံတည်ဆောက်ပေးခြင်းဖြင့် သောက်သုံးရေရှားပါးမှုကို  ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့နယ် စွေ့ချောင်းသဲနုန်းတူးဖော်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအချိန်မီပြီးစီးရန်၊ မင်းရာမရေလွှဲဆည်တွင် ရေပိုမို သိုလှောင်နိုင်ရေး တိုင်းတာတွက်ချက်ရန်၊ဆွေးနွေးမှာကြားသည်။

 

စွေ့ချောင်းသည် ပျော်ဘွယ်မြို့အနောက်ဘက် တောင်ကုန်းတောင်တန်းများမှ စီးဆင်းပြီး မြို့၏ ရေဆိုးထုတ်သည့် ချောင်းဖြစ်ကာ မြို့အရှေ့ဘက် မင်းရာမရေလွှဲဆည်မှတဆင့် စမုံချောင်းအတွင်း စီးဝင်သော ချောင်းတစ်ခုဖြစ်ပြီး အမှိုက်နှင့် ဒိုက်များ သဲနုန်းများပိတ်ဆို့မှုကြောင့် ကြုံတွေ့နေရသည့် ဒေသ၏ ရေကြီးရေလျှံမှုများ လျော့ပါးစေရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက စွေ့ချောင်းသဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကို အသက် မွေးဝမ်းကြောင်းပြု လုပ်ကိုင်နေကြသည့် တောင်သူများ၏ အဓိက အားထားရာ သစ်ဆုံရေလှောင်တမံ ရေသောက်စနစ်ရှိ ဝက်မစွတ်မြောင်း RD-8600' ရှိ တူးမြောင်းဖြတ်တံတား အဝင်အထွက် အလျောကာကွယ်ခြင်းလုပ်ငန်းနှင့် စီပင်စိုက်ပျိုးရေး သုတေသနခြံ၏ ဆင်းရွှေကြာ-၂ နေကြာ မျိုးသန့်မျိုးစေ့ထုတ်စိုက်ကွင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဝက်မစွတ်မြောင်းနှင့် ရေသောက်စနစ်အတွင်း ရေလေလွှင့်မှု နည်းပါးစွာ ဆည်ရေပေးဝေနိုင်ရေး၊ မိုးစပါးပျိုးထောင်ရေ အချိန်မီရရှိရေး၊ လူနှင့် မွေးမြူ ရေးတိရစ္ဆာန်များ၏ သောက်သုံးရေအတွက် အထောက်အကူပြုနိုင်ရေး၊ လမ်းဘေး ဝဲ ယာ စိမ်းလန်းသာယာလှပစေရေး ဆိုင်ရာကိစ္စရပ်များကို  ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ် ဆည်ထိပ်ကျေးရွာ တောင်သူများ၏ စပျစ်စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုအားပေးပြီး စပျစ်စိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင် လာစေရေး၊ ဈေးကွက်ဖော်ဆောင်နိုင်ရေး၊ စပျစ်ခြောက်နှင့် စပျစ်ဝိုင်အပါအဝင် ကုန်ချောထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)