နေပြည်တော် စက်တင်ဘာ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ယမန်နေ့ မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်ရှိ ငလိုက်ရာဘာရေလွှဲဆည်နှင့် ရေပေးဝေရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးစဉ် ဒုတိယဝန်ကြီးက ငလိုက်ရေလှောင်တမံ ရေသောက်စနစ်အတွင်းရှိ သီးနှံစိုက်ဧရိယာများ စိုက်ပျိုးရေ ဖူလုံစွာပေးဝေနိုင်ရန် ရေကူပေးပို့ရေးအတွက် တံခွန်တိုင်ချောင်းပေါ်တွင် ရေကူတမံ တည်ဆောက်နိုင်ရေး စူးစမ်းလေ့လာခြင်းလုပ်ငန်း များအား သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် ဒီဇိုင်းပုံစံများ မြန်မြန်ဆန်ဆန် ရရှိစေရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ဆည်စုကျေးရွာ အနီးရှိ ငလိုက်ဆည်ရေသောက်စနစ်ကို ရေကူပေးလျက်ရှိသော ရေကိုပြန်လည်အသုံးချ သည့်နည်းစနစ်ဖြင့် ဆောင်ရွက်ထားသော ဆည်စုရေလွှဲဆည်မှ မိုးစပါးရေပေးဝေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ငလိုက်ဆည်ရေသောက်စနစ် လက်ယာလက်တံ(၂) ရေသောက် မျိုးစေ့ထုတ်မျိုးစပါး စိုက်ခင်းအား ကြည့်ရှုအားပေးပြီး ရေအသုံးချသူများအဖွဲ့(WUG) နှင့်တွေ့ဆုံ၍ စိုက်ပျိုးမြေဧရိယာအားလုံး စိုက်ပျိုးရေအညီအမျှ ရရှိသုံးစွဲနိုင်ရေးနှင့် သီးနှံများ အထွက်တိုးရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တောင်သူများအားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
မိုးရာသွန်းချိန်တွင် တောင်ညိုချောင်းနှင့် တံခွန်တိုင်ချောင်းမှ ကျရောက်လာသော ရေများကို အလေအလွင့်မဖြစ်စေပဲ ငလိုက်ရေလွှဲဆည် အတွင်းသို့ တိုက်ရိုက်ဝင်ရောက် စေပြီး ရေလွှဲဆည်မှတဆင့် ဆည်ရေသောက်ဧရိယာများသို့ ပို့လွှတ်ပေးလျက်ရှိရာ လက်ရှိအချိန်တွင် ငလိုက်ရေလှောင်တမံမှ ရေကိုသီးထပ်စိုက်ပျိုးနိုင်ရေးအတွက် ချွေတာသုံးစွဲလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်