နေပြည်တော်၊ ဩဂုတ် ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းရွာအနီး တမံအလျားပေ (၃၉၈၀)၊ တမံအမြင့် (၈၂) ပေ အကျိုးပြုဧရိယာ (၁၇၇၈၄) ဧကရှိသည့် ငလိုက်ရေလှောင်တမံသို့ ရောက်ရှိစစ်ဆေးပြီး လက်ရှိရေသိုလှောင်ပမာဏ (၅၈၉၇၄) ဧကပေ သိုလှောင်ထားပြီး၍ မကြာမီရက်များအတွင်း ကန်ရေပြည့်အမှတ်သို့ ရောက်ရှိမည်ဖြစ်ရာ ကြိုတင်ဆောင်ရွက်ရမည့် ရေလှောင်တမံ ဘေးကင်းလုံခြုံရေးလုပ်ငန်းများ အထူးအလေးထား စီမံဆောင်ရွက်ရန်၊ ရေပိုလွှဲကြံ့ခိုင်မှု အခြေအနေနှင့် ရေပိုလွှဲမှ ရေစီးဆင်းနိုင်သည့် လမ်းကြောင်းတလျှောက် လိုက်လံကြည့်ရှုစစ်ဆေး ဆောင်ရွက်ရန်၊ ရေလှောင်တမံကြံ့ခိုင်မှု အခြေအနေများကို အချိန်နှင့်တပြေးညီ ကြည့်ရှုစစ်ဆေးရန်၊ မိုးစပါးလျာထား ဧကပြည့်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံနှင့် နွေစပါး/ အခြား သီးနှံများ စိုက်စွမ်းအားပြည့် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး စနစ်တကျ စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ငလိုက်ရေလှောင်တမံနှင့် ရေပိုလွှဲတို့၏ ကြံ့ခိုင်မှုအခြေအနေ ရေထုတ်ပြွန် အခြေအနေ၊ ရေသိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေအရင်းအမြစ်များ အလေအလွင့်နည်းပါးပြီး ရေရှည်အကျိုးရှိစွာ အသုံးချနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိပြီးတမံကြံ့ခိုင်ရေး၊ ရေပိုလွှဲကြံ့ခိုင်ရေး၊ မှုလကန်ရေပြည့်ရေသိုလှောင်ပမာ ဏထက် ရေလှောင်ပမာဏ (၂၁,၀၀၀) ဧကပေ ခန့်ပိုမိုသိုလှောင်ပြီး နှစ်စဉ်လျှပ်စစ်ယူနစ် (၈) သန်း ပိုမိုထုတ်လုပ်ရန် ရေပိုလွှဲတွင် တပ်ဆင်ထားသော HED (Hydraulic Elevator Dam) စမ်းသပ် မောင်းနှင်မှုကို ကြည့်ရှုစစ်ဆေးသည်။ 
ထို့နောက်HED ရေတံခါးများ ဖွင့်ခြင်း၊ ပိတ်ခြင်းများကို စမ်းသပ်မောင်းနှင် ပြသရာ ဒုတိယဝန်ကြီးက တမံအတွင်း စီးဝင်ရေကို ဂရုစိုက်စောင့်ကြည့်၍ HED ရေတံခါး များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်၊ HED ရေတံခါးနှင့် ဆက်စပ်ပစ္စည်းများ အမြဲကြံ့ခိုင်မှုစစ်ဆေးရန်၊ တမံကြံ့ခိုင်ရေး နှင့် လုံခြုံရေးတို့ကို စဉ်ဆက်မပြတ် သတိထားစောင့်ကြည့်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်