နေပြည်တော်၊ အောက်တိုဘာ ၅
ရာဂီမုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းမှုများပြားခဲ့ပြီး ပေါင်းလောင်း ဆည်ရေသောက်စနစ် တူးမြောင်းများနှင့် ရေပေးအဆောက်အအုံအချို့ ရေတိုက်စား ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ဦးစွာ ပေါင်းလောင်းရေလွှဲဆည် ရေလျှံထိန်းတာပေါင် ရေတိုက်စားခဲ့မှုကို ယာယီပြုပြင် ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မိုးရာသီအကုန် ပွင့်လင်းရာသီတွင် မူလဒီဇိုင်းပုံစံအတိုင်း စနစ်တကျပြန်လည်ပြင်ဆင်နိုင်ရေး စီမံဆောင်ရွက်ရန် အကြံပြု ဆွေးနွေး မှာကြားသည်။
ထို့နောက် မြို့ပတ်လမ်းနှင့် ပေါင်းလောင်း လက်ယာတူးမြောင်းမကြီး ပေတိုင် (၃၀၀၀) ဆုံသောနေရာတွင် ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော တူးမြောင်းမကြီးအား စက် ယန္တရားများ အသုံးပြု၍ ပြန်လည်ပြုပြင်နေမှုနှင့် ပေါင်းလောင်းရေသောက်စနစ် လက်ဝဲတူး မြောင်းမကြီး ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ထိခိုက် ပျက်စီးမှုမရှိသည့် မိုးစပါးစိုက်ဧကများ စိုက်ပျိုးရေပေးဝေနိုင်ရေး စီမံဆောင်ရွက်ပေးသည်။
ယင်းနောက် ရေဆင်းရေလှောင်တမံသို့ ရောက်ရှိပြီး ရေလှောင်တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ရာဂီမုန်တိုင်းအလွန် ထိခိုက်ပျက်စီးမှုမရှိခဲ့သည့် မိုးစပါးစိုက်ဧကများ စိုက်ပျိုးရေပေးဝေးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


