နေပြည်တော် ဒီဇင်ဘာ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုခဲ့ကြောင့် ကျီးဖြူကန် ရေပိုလွှဲအစိတ်အပိုင်းအချို့နှင့် ရေပေးအဆောက်အုံ တံခါးရွက်များ ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ဒီဇင်ဘာ ၆ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရေလှောင်ကန် ဘေးကင်းလုံခြုံရေး အစီအမံများနှင့်အညီ နေ့စဉ်မပြတ် ကြည့်ရှုစစ်ဆေးရေး၊ မိုးစပါးနှင့် ဆောင်းသီးနှံများအတွက် စိုက်ပျိုးရေ အလုံအလောက် ပေးဝေနိုင်ရေး၊ သီးထပ်ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေး မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ လှိုင်ဘုံသာ (၂) ရပ်ကွက်ရှိ ကုန်းလှိုင်ကန် အကူရေပိုလွှဲလုပ်ငန်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ညောင်ရွှေမြို့နယ်မှ သက်တမ်းနှစ်ပေါင်း (၁၁၀) ရှိပြီဖြစ်သည့် အင်းတိန်ရေလွှဲဆည်မှ အကျိုးပြုဧက (၄၈၇၇) ဧကကို စိုက်ပျိုးရေ ပေးဝေနေမှုကိုလည်းကောင်း၊ အင်းတိန်ရေလွှဲဆည် ယာယီပြုပြင်နေမှုလုပ်ငန်းများနှင့် ရွာမချောင်းရေထိန်းနံရံ ရေတိုက်စားခဲ့မှုအား မြေသားရေထိန်းတာပေါင်ဖြင့် ပြန်လည်ကာကွယ် ဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အမြန်ဆုံး ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေး မှာကြားသည်။
ထို့အတူ ဒုတိယဝန်ကြီးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများနှင့် အတူ ဒီဇင်ဘာ ၇ ရက်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်းရှိ မွေးမြူရေးဇုန် စီမံကိန်း ဆောင်ရွက်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


