နေပြည်တော်  မတ် ၈

 

နေပြည်တော်ကောင်စီနယ်မြေတွင် သီးထပ်စွမ်းအား မြင့်မားရေး၊ တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်း တိုးတက်ရေးအတွက် ရေသွင်းစနစ်မှန်ကန်ရေး၊ ရေပေးမြောင်း ရေသောက်မြောင်းများ ရေပေးဝေမှု အဆင်ပြေ ချောမွေ့စေရေး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ယမန်နေ့ ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာရှိ ဆင်သေချောင်း လျှပ်စစ်ရေတင်လုပ်ငန်း ရေသောက်ဧရိယာတွင် နွေနှမ်းစိုက်ပျိုးကြမည့် ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက နွေနှမ်းသီးနှံ အထွက်တိုးစေရေးအတွက် မျိုးကောင်း မျိုးသန့်များ အသုံးပြုစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဝေထားသည့် စိုက်နည်းစနစ်များကို စနစ်တကျ လိုက်နာကျင့်သုံးရန်၊ သီးနှံအလိုက် ရေလိုအပ်ချက်ပေါ်မူတည်၍ ရေပေးသွင်းမှု မှန်ကန်ရေး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ သစ်တပ်အုပ်စု၊ ကြို့ပင်ရေမြှင့် ရေထိန်း အဆောက်အအုံအနီး နွေနှမ်းအထူးဇုံ ဧက(၁၅၀)တွင် စိုက်ပျိုးလုပ်ကိုင်ကြမည့် တောင်သူ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နွေနှမ်းမျိုးစေ့များ စုဆောင်းထားရှိမှု၊ အသုံးပြုဆောင်ရွက်ကြမည့် စိုက်နည်းစနစ်၊ ရေသွင်းမည့်အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးသည်။

 

အလားတူ ဇေယျာသီရိမြို့နယ်၊ မအူတောအုပ်စု၊ စိမ်းစားပင်ကျေးရွာရှိ တောင်သူပညာပေးစင်တာတွင် ရေဆင်းဆည်ရေသောက်စနစ်အတွင်းရှိ နွေစပါး၊ နွေသီးနှံစိုက်ပျိုးကြမည့် တောင်သူ များအားတွေ့ဆုံ၍ ဒုတိယဝန်ကြီးက စိုက်ပျိုးရေစီမံခန့်ခွဲမှု စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် တစ်ကွင်းတစ်စပ်တည်း မျိုးတူသည့် စပါးမျိုးများစိုက်ပျိုးရန် လိုအပ်ချက်များ၊ တစ်နှစ်()စိုက်ပျိုးနိုင် ရေးနှင့် သီးထပ်စွမ်းအား တိုးတက်မြင့်မားရေး အတွက် ဒေသနှင့်ကိုက်ညီပြီး တောင်သူအကျိုးရှိစေ မည့် သီးနှံပြက္ခဒိန်များ ရေးဆွဲ၍ ကြိုတင် ပြင်ဆင်ဆောင်ရွက်ကြရန်ကိစ္စရပ်များကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် သွားကြရန် ဆွေးနွေးမှာကြားပြီး ရေအသုံးချများအဖွဲ့ဝင် တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများမှ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရေဆင်းဆည်ရေသောက်စနစ်အတွင်း စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး နွေစပါးစိုက်ပျိုးရန် ထွန်ယက်လုပ်ကိုင်နေသော တောင်သူများကို တွေ့ဆုံအားပေးစကား ပြောကြားသည်။

 

ယခု (၂၀၂၃-၂၀၂၄) ခုနှစ်အတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နွေစပါး (၂၉၀၅၃) ဧကနှင့် နွေသီးနှံ (၁၇၃၈၈) ဧက၊ စုစုပေါင်း (၄၆၄၄၁) ဧကကို စိုက်ပျိုးရေ ပေးဝေသွားရန် လျာထားစီမံ ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် ရေလှောင်တမံအချို့မှ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရသည်။ မတ် ၁၅ တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စိုက်ပျိုးရေ ပေးဝေရန်ကျန်ရှိသော ရေလှောင်တမံ၊ လျှပ်စစ်ရေတင်၊ ဆိုလာရေတင်လုပ်ငန်းများမှလည်း လျာထားဧကများ ပြည့်မှီစေရေး စိုက်ပျိုးရေ ဆက်လက်ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)