နေပြည်တော်၊ မတ် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ် ဒုတိယ နှစ်ဝက်စာမေးပွဲ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် ပဉ္စမနှစ်ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် တိရစ္ဆာန် ဆေးပညာ (DVM) နှင့် မွေးမြူရေးပညာ (BASc) နှစ်ဝက် အတန်းတင်စာမေးပွဲများတွင် ကျောင်းသား ‌ကျောင်းသူများ စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ ဝင်ရောက်ဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် အေးချမ်းစွာ ဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ကြရန်မှာကြားသည်။

ယင်းနောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၅) မှ တာဝန်ယူ တည်ဆောက်နေသည့် စိုက်ပျိုးရေးတက္ကသိုလ် နှစ်တစ်ရာပြည့်အထိမ်းအမှတ် ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး မှာကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံ၏ ရေအားလျှပ်စစ်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ရန် တမံရေပိုမိုသိုလှောင်နိုင်ရေးအတွက် ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးအား စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူက ပေါင်းလောင်းရေ လှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၈၀ ရာခိုင်နှုန်းနှင့် မြို့ပြ လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု၊ တင်ဒါအောင်မြင်သည့် GF Construction and Engineering Co;Ltd မှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွက် ဆောင်ရွက်မည့် လုပ်ငန်းများတွင် လိုအပ်သော 7 m x 1.5 m ရေတံခါးရွက် (၇) ချပ်၊ Embedded Parts နှင့် ဆက်စပ်ပစ္စည်းများ ပေါင်းလောင်း ရေပိုလွှဲ HED လုပ်ငန်းခွင်သို့ရောက်ရှိမှု၊ ပေါင်းလောင်းဆည် ရေသောက်စနစ်မှ နေပြည်တော်ဧရိယာတွင် နွေစပါး ဧက (၁၀၂၀၀)၊ အခြားသီးနှံ (၁၄၇၅) ဧက၊ ပဲခူးတိုင်း ဒေသကြီးတွင် နွေစပါးဧက (၃၄၆၀) နှင့် အခြားသီးနှံ ဧက (၅၅၄၀) စုစုပေါင်း စိုက်ပျိုးမြေ ဧရိယာ (၂၀၆၇၅) ဧကအတွက် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ရှင်းလင်းတင် ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဟိုက်ဒရောလစ်ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တင်ဒါစာချုပ်ပါပစ္စည်းများ၏ အရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပြီးစီးရေး မှာကြားသည်။

(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းများအတွက် လိုအပ်သော ရေတံခါးရွက် (Gate Leaf) (၁၃) ချပ်မှာ (၂၀၂၄) ခုနှစ်၊ မတ်လ ကုန်တွင်လည်း ကောင်း၊ Hydraulic Cylinder, Hydraulic Pump နှင့် ဆက်စပ် ပစ္စည်းများမှာ (၂၀၂၄) ခုနှစ်၊ ဧပြီလ ပထမပတ်တွင်လည်းကောင်း လုပ်ငန်းခွင်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ဟိုက်ဒရော လစ် ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းအားလုံးကို (၂၀၂၄) ခုနှစ် ဇူလိုင်လကုန်တွင် အပြီးဆောင်ရွက်မည်ဖြစ်ပြီး ရေလှောင်ပမာဏ ဧကပေ (၂၁၀၀၀) ပိုမိုသိုလှောင်နိုင်မည်ဖြစ်၍ နှစ်စဉ်လျှပ်စစ်ယူနစ် (၈) သန်း ပိုမိုထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်