နေပြည်တော်၊ ဩဂုတ် ၃၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့ မွန်းလွှဲပိုင်းတွင် ရေဆင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု အခြေအနေနှင့် ရေလှောင်တမံ ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ယခုနှစ်အတွင်း မိုးရွာသွန်းမှု၊ ရေဝင်ရောက်မှု အခြေအနေများနှင့် နွေသီးနှံစိုက်ပျိုးရန်လျာထားဆောင်ရွက်မှု အခြေအနေများ၊ တမံ ကြံ့ခိုင်မှုအတွက် စောင့်ကြည့်လေ့လာဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
ရေဆင်းရေလှောင်တမံတွင် ဩဂုတ်၃၁ ရက်အထိ မိုးရေချိန် (၄၃ဒသမ၈၈) လက်မ ရွာသွန်းခဲ့ပြီး တမံအတွင်း ဧကပေ (၄၉၀၀၀) ခန့်သိုလှောင်ထားရှိကြောင်းနှင့် သိုလှောင်မှုအရ (ရေအနက် ၈၉ ဒသမ ၅၇ ပေ) သိုလှောင်ထားရှိပြီး ကန်ရေပြည့်ရောက်ရန် (၉ ဒသမ ၄၃) ပေ လိုအပ်သည်။ ယခင်နှစ်ကာလတူ ပမာဏထက် မိုးရေချိန် (၂၀ ဒသမ ၈၃) လက်မ၊ စီးဝင်ရေ (၃၀၀၇၁) ဧကပေ ရေသိုလှောင်မှု (၃၅၀၄၀) ဧကပေ၊ ရေမှတ် အမြင့် (၂၃ ဒသမ ၃၇) ပေ ပိုမိုသိုလှောင် ထားရှိ၍ ရေဆင်းရေလှောင်တမံသည် (၂၀၁၇) ခုနှစ်အတွင်း ကန်ရေပြည့် ရေသိုလှောင်နိုင်ခဲ့ပြီး ယင်းနောက်ပိုင်း ပုံမှန်ရေဝင်ရောက်မှုသာရှိခဲ့ရာမှ ယခု (၂၀၂၄) ခုနှစ်အတွင်း ရေဝင်ရောက်မှုများ ပိုမိုကောင်းမွန်မှုရှိကြောင်း သိရပြီး ရေဆင်းရေလှောင်တမံမှ ယခင်နှစ်သိုလှောင်ရေအရ နွေရာသီ တွင် နွေစပါး (၁၅၈၃) ဧကနှင့် နွေသီးနှံ (နှမ်း၊ ပဲတီစိမ်း၊ နေကြာ) (၂၅၈၀) ဧက စိုက်ပျိုးခဲ့ကာ တမံအတွင်း လက်ရှိသိုလှောင်ထားရှိမှု အခြေအနေအရ နွေစပါးဧက (၃၀၀၀) ခန့်နှင့် ဆီထွက်သီးနှံ ဧက(၄၅၀၀) ခန့် စုစုပေါင်းဧက (၇၅၀၀) စိုက်ပျိုးရန်လျာထားစီမံဆောင်ရွက်လျက်ရှိ၍ ယခင်နှစ် စိုက်ပျိုးမှုထက် (၂ ဒသမ ၅) ဆခန့် တိုးတက်စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ မိုးနှောင်းကာလ ရေဝင်ရောက်မှုများ ပိုမိုခဲ့ပါက လက်ရှိမျှော်မှန်းထားသည်ထက် ပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရေဆင်းရေလှောင်တမံ၊ တမံကျောက်စစ်ရိုး Rock Toe၊ ရေထုတ်ပြွန်၊ ရေပိုလွှဲအဆောက်အအုံတို့၏ ကြံ့ခိုင်မှု အခြေအနေများ၊ ရေစိမ့်နှုန်း တိုင်းတာသည့် V-Notch တို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ ရေလှောင်တမံနှင့် ဆက်စပ်အဆောက်အအုံအားလုံး ကြံ့ခိုင်မှုကောင်းမွန်ကြောင်း စစ်ဆေးတွေ့ရှိရပြီး တာဝန်ကျဝန်ထမ်းများ အနေဖြင့်လည်း ပုံမှန်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


