နေပြည်တော် သြဂုတ် ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် သြဂုတ် (၆) ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ငမိုးရိပ် ရေထိန်းတံခါးကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး ရေတံခါး၏ ရေထွက်လမ်းကြောင်းတစ်လျောက် တိုင်းတာစစ်ဆေးရန်၊ ရေတံခါးတွင် နုန်းမတင်စေရန်အတွက် ရေတံခါး ဖွင့် - ပိတ်ဇယား ရေးဆွဲဆောင်ရွက်ရန်လိုအပ်ချက်များ၊ မိမိတို့ဌာနမှ ထိန်းသိမ်းထားသည့် ဒဂုံမြို့သစ်မြို့နယ်များရှိ ရေတံခါးများ ရေထွက်ပေါက်များ၏ ရေစီးရေလာ ကောင်းမွန်စေရေး စဉ်ဆက်မပြတ် ဂရုပြုဆောင်ရွက်ရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ပဲခူးတိုင်းဒေသကြီး၏ ရေဘေးကာကွယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် ပဲခူးတာမိုင်တိုင် ၂/ ၀ ရှိ ရေလွှဲပေါက်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
ဇူလိုင် ၂၈ ရက်က ပဲခူးမြို့နယ်တွင်ဖြစ်ပေါ်ခဲ့သည့် မြစ်ရေကြီးမှုကြောင့် စိုက်ပျိုးမြေဧရိယာ ၁၀၀၀၀ ခန့် ခေတ္တရေလွှမ်းမိုးမှုကြုံတွေ့ခဲ့ရပြီး ယခုအခါ ရေများတဖြည်းဖြည်း ကျဆင်းလာပြီဖြစ်ကြောင်း၊ ပဲခူး-စစ်တောင်း တူးမြောင်းမှတဆင့် ရေကြီးကွင်း ရေနက်ကွင်းများသို့ ခေတ္တရေနေရေထိုင်ပြုပြီးနောက် ကဝမြို့နယ်တွင် တည်ဆောက်ထားရှိသော ပိုင်ကျုံရေတံခါးနှင့် ရွှေလှေရေတံခါးတို့မှတဆင့် ပဲခူးမြစ်ရေကျဆင်းချိန်တွင် ပဲခူးမြစ်အတွင်းသို့ ပြန်လည်ကျဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။ 
ဆက်လက်၍ ပဲခူးမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ပန်းလှိုင် - ပုဏ္ဏားစု - မုန်တိုင်းတာ ၊ ကျောက်ကြီးစု - ညောင်ဝိုင်းတာများ၏ တာထိပ်နိမ့်ကျနေသည့် အပိုင်းများမှ မြို့တွင်းဧရိယာအတွင်းသို့ ရေကျော်ဝင်ရောက်မှုမရှိစေရေးအတွက် ၁ ပေ မှ ၃ဒသမ၅ ပေ အမြင့်ရှိသည့် သဲအိတ်နှင့် poly fiber sheet ကာရံထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ပဲခူးမြစ်ရေ မြင့်တက်မှု ရေဘေးကာကွယ်ရေးတာ 0/ 0 မိုင် မှ ၁ မိုင် ၄ ဖါလုံ အတွင်း တာအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ယခုဘဏ္ဍာနှစ် ပွင့်လင်းရာသီကာလတွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မွန်းလွဲပိုင်းတွင် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ (ပဲခူး) အစည်းဝေးခန်းမ၌ တိုင်းဒေသကြီးလယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးဧရိယာများ၏ ရေကြီးနစ်မြုပ်ခဲ့မှု အခြေအနေ၊ သီးနှံထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် ရာသီချိန်မီ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သက်တမ်းတိုစပါးများ စိုက်ပျိုးရန်အတွက် မျိုးစေ့ဖူလုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ရေကြီးမှုဖြစ်စဉ်နှင့် ပတ်သက်၍ စီမံဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်