နေပြည်တော် နိုဝင်ဘာ ၂၆

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းက လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၃၅) စက်မှုလယ်ယာစခန်း (ထောက်ကြံ့မြို့)၌ ကျင်းပသည့် ကောက်ရိုးထုံးစက် (Round Baler)၊ ကောက်ရိုးဖြတ်စက် (Rotary Mulcher)၊ မြေဩဇာပက်ဖျန်းစက် (Fertilizer Spreader) သရုပ်ပြပွဲသို့ တက်ရောက်အားပေးသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ကောက်ရိုးထုံးစက် (Round Baler) သုံးစွဲခြင်းဖြင့် ရိတ်သိမ်းပြီးကျန်ရှိနေသော လယ်ကွင်းအတွင်းရှိ ကောက်ရိုးပြတ်များကို အရည်အသွေးမဆုံးရှုံးစေဘဲ ဆလင်ဒါပုံစံ ကောက်ရိုးထုံးများ ထွက်ရှိလာသဖြင့် မွေးမြူရေးအစားအစာအဖြစ် အသုံးချနိုင်ကြောင်း၊ ကောက်ရိုးဖြတ်စက် (Rotary Mulcher) သည်လည်း ရိုးပြတ်များကို သေးငယ်သော အပိုင်းအစများဖြစ်အောင် အပိုင်းပိုင်းဖြတ်ပေးခြင်းဖြင့် မြေသြဇာများဖြစ်ထွန်းမှု ပိုမိုမြန်ဆန်ပြီး မြေဆီလွှာကိုပိုမို ကောင်းမွန်စေကြောင်း၊ နောက်ထပ်စိုက်ပျိုးမည့် သီးနှံအား အချိန်မီစိုက်ပျိုးရန် ထယ်ရေး၊ ထွန်ရေးထွန်ရေး ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ကြောင်း။

 

မြေဩဇာပက်ဖျန်းစက် (Fertilizer Spreader) ကိရိယာကို အသုံးပြုခြင်းဖြင့် လက်ဖြင့်ကိုင်၍ ကြဲပက်ရန် မလိုခြင်းကြောင့် ကျန်းမာရေးထိခိုက်မှု သက်သာစေခြင်း၊ မြေသြဇာအား လိုအပ်သလောက် ထိရောက်နှံ့စပ်စွာ၊ ပမာဏညီမျှစွာ ကြဲပက်သုံးစွဲနိုင်သဖြင့် အလေအလွင့်နည်း၍ ကုန်ကျစရိတ် သက်သာနိုင်ကြောင်း၊ မြေသြဇာ သုံးစွဲမှုပမာဏ လျော့ချနိုင်သဖြင့် မြေဆီလွှာပျက်စီးခြင်းမှ ကာကွယ်နိုင်ခြင်းနှင့် သီးနှံအပင်များအား အာဟာရဓာတ်များ အညီအမျှရရှိစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများ၏ ထွန်ယက်သည်မှ ရိတ်သိမ်းချိန်အထိ လယ်ယာသုံး စက်ကိရိယာများသုံးစွဲမှု ကွင်းဆက်တစ်လျှောက် လိုအပ်သည့် အခက်အခဲများ၊ စိုက်ပျိုးရေရရှိမှု အခြေအနေ၊ မျိုးစေ့နှင့် ဓာတ်မြေဩဇာလိုအပ်ချက် စသည့် လယ်ယာကဏ္ဍဆိုင်ရာများ မေးမြန်းဆွေးနွေးရာ ဒုတိယဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဦးစီးမှူးများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရေးအတွက် ဒေသခံတောင်သူများနှင့်အတူ သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်