နေပြည်တော်၊ ဇူလိုင် ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြစ်ရေတား တာတမံနှင့် ရေလှောင်တမံများ၏ ရေဘေး ကာကွယ်ရေးဆိုင်ရာ အစီအမံများနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု ဆိုင်ရာများ၊ အရေးပေါ်ပစ္စည်းများကို လိုအပ်သည့်နေရာများသို့ အချိန်နှင့်တစ်ပြေးညီ ဖြည့်စွက် ထားနိုင်ရေး ကြိုတင်စီစဉ်ထားရှိရန်၊ တာတမံနှင့် ရေလှောင်တမံများ ကြံ့ခိုင်မှုအတွက် ပြုပြင် ထိန်းသိမ်းထားရှိပြီး ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများ ဆောင်ရွက်ထားရန် လိုအပ်ချက်များ၊ ဌာနပိုင်စက်ယန္တရားများ၊ မြစ်ရေတင်လုပ်ငန်းများနှင့် ဆက်စပ်သည့်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန် ကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ဧရာဝတီ အရှေ့ဖက်ကမ်း အဖျောက်တာ၊ နှစ်စဉ် ဧရာဝတီမြစ်ကမ်း ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ဧရာဝတီ အရှေ့ဖက်ကမ်း အဖျောက်တာရှိ ရေကင်းစခန်းများနှင့် ရပ်ကွက်ကျေးရွာ ရေကင်းစခန်းများတွင် အရေးပေါ်ပစ္စည်းများ ကြိုတင်စုဆောင်းထားရှိမှု၊ ရေဘေးကြိုတင် ကာကွယ်မှုလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မြစ်ရေတိုက်စားမှုနှင့် မြစ်ရေဖြင့် အချိန်ကြာမြင့်စွာ ထိတွေ့မှုကြောင့် တာအိခြင်း၊ တာလျှောခြင်း၊ ရေပေါက် (ထူးပေါက်) များဖြစ်ပေါ်တတ်သဖြင့် နေ့ညမပျက် ရေကင်းလှည့်ဇယားများဖြင့် ကြည့်ရှုစစ်ဆေးကြရန်၊ လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနများ၊ ရပ်ကွက်ကျေးရွာအစုအဖွဲ့များနှင့် ပူပေါင်းဆောင်ရွက်၍ အချိန်နှင့်တစ်ပြေးညီ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သော ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။ 
ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရေဘေးကာကွယ်ရေး တာတမံများ ကြံ့ခိုင်မှုရှိစေရေး၊ ရေဘေးကာကွယ်ထားရှိမှု ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် ပေါ့ဆမှု မရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်က ဘက်ပေါင်းစုံမှ အထူးဂရုပြု အလေးထားဆောင်ရွက်ကြရန်၊ သီးနှံစိုက်ခင်းများ ရေနစ်မြုပ်၍ သီးနှံထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာပါက  အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတို အရန်မျိုးစပါးများ အသင့်စုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ပိုးမွှားရောဂါကျ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ ဖြန့်ဝေပေးခြင်း၊ အပင်ရောဂါကာကွယ် ကုသဆေးများ၊ တိရိစ္ဆာန်များ အသက်ဘေးအန္တရာယ် ကာကွယ်နိုင်ရေး တိရစ္ဆာန်အသက်ကယ်ကုန်းများ ပြင်ဆင်ထားရှိခြင်း၊ ရေလွတ်ရာနေရာများသို့ အချိန်မီ ပြောင်းရွှေ့ခြင်း၊ တိရစ္ဆာန်များ နာမကျန်းဖြစ်ပွားပါက ကုသရန်လိုအပ်မည့် ဆေးဝါးများ၊ ကာကွယ်ဆေးများ၊ တိရစ္ဆာန်ဖြည့်စွက်အစာများ ကြိုတင်စုဆောင်းထားရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်