နေပြည်တော် ဧပြီ ၆

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ၊  တိုက်ကြီးမြို့နယ် ရှိ အထက်စု (မြစ်ကျိုး)  လျှပ်စစ်မြစ်ရေတင် စီမံကိန်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေလုံလောက်မှုကို မထိခိုက်စေရန် ၊ စိုက်ပျိုးရေရရှိရေးအတွက် ရေအရင်းအမြစ်များရှာဖွေဖော်ထုတ်သုံးစွဲနိုင်ရေး နှင့် အခြေအနေ ပေးသည့် ဒေသများတွင်  လျှပ်စစ်မြစ်ရေတင်လုပ်ငန်းဖြင့် ရာသီအလိုက် သီးထပ်သီးညှပ် စိုက်ပျိုးနိုင်ရေး၊ မိုးစပါး နှင့် နွေစပါးအောင်ရေ ပေးဝေနိုင်ရေး ဆောင်ရွက်ရန် ကိစ္စရပ်များ ၊ ရေလှည့်စနစ်ဖြင့် စိုတစ်လှည့် ခြောက်တစ်လှည့် စိုက်ပျိုးနည်းစနစ် အသုံးပြု စိုက်ပျိုးနိုင်ရေး အတွက် ဒေသခံတောင်သူများကို အသိပညာပေး နည်းပညာပေးလုပ်ငန်းများဆောင်ရွက်၍ ရေစက်မောင်းချိန်နှင့် လျှပ်စစ်ဓာတ်အားခ သက်သာစေရေး စီမံဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

တိုက်ကြီးမြို့နယ်ရှိ အထက်စု(မြစ်ကျိုး) လျှပ်စစ်မြစ်ရေတင် စီမံကိန်းလုပ်ငန်း ၏ တူးမြောင်းမကြီးသည် အကျိုးပြုဧက (၁၈၀၀)ခန့်ကို စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ပြီး သရက်ချောင်း ပင်မတူးမြောင်းမကြီးမှ ဧက(၁၅၀၀)ခန့် ကို စိုက်ပျိုးရေ ပေးဝေနိုင်ရေး  ဆောင်ရွက်လျက်ရှိသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တည်ဆောက်ပြီး ရေပေးမြောင်းများအလိုက် ရေစီမံခန့်ခွဲမှု စနစ်ဖြင့် ရေစမ်းသပ်မောင်းနှင်၍ စိုက်ပျိုးရေပေး‌ဝေခြင်းနှင့် မြို့ပြ၊ စက်မှု၊ လျှပ်စစ်တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလ အချိန်မီ ပြီးစီးရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး သည် တိုက်ကြီးမြို့နယ်၊ ကျားချောင်း ကျေးရွာအနီး အသစ်ဖော်ထုတ်မည့် မွေးမြူရေးဇုံ ရေရရှိနိုင်ရေးအတွက် သနပ်ချောင်း လျှိုပိတ်တမံ တည်ဆောက်နေမှု၊ တဘူးလှရေသောက်စနစ်၏ လက်ဝဲတူးမြောင်းမကြီး လိုင်နင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။  

တဘူးလှတမံသည် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင်  လက်ဝဲမြောင်းမကြီး၏ စိစစ်ရေပေးဝေဧကမှာ (၅၅၄၅)ဧက ဖြစ်သော်လည်း ယခုနှစ်တွင် (၆၈၈၅)ဧက ရေပေးဝေနိုင်ခဲ့ခြင်းကြောင့် စီစစ်ဧကထက် ဧက(၁၃၄၀)ကို ပိုမိုပေးဝေ နိုင်ခဲ့သည်။ ထို့အပြင် လက်ဝဲရေသောက်စနစ်မှ အသုံးပြုပြီး ပိုလျှံကျဆင်းလာသော ရေများသည် ဥက္ကံသကြားစက် ကားလမ်းဘေး ဝဲ ယာရှိ ရေနုတ် မြောင်းများ အတွင်းသို့ ရောက်ရှိလာသဖြင့် ရေထိန်းရေမြှင့် အဆောက်အဦ(၁၃)ခု တည်ဆောက်၍ အနီးဝန်းကျင်ရှိ လယ်မြေ(၂၃၇၇)ဧကကို ပြန်လည်ရေပေးဝေနိုင်ခဲ့ခြင်းကြောင့် စုစုပေါင်း စိုက်ပျိုးမြေဧက (၂၇၀၀၀)ကျော်ကို ရေစိုက်ပျိုးရေ အကျိုးပြုလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်