နေပြည်တော်  ၆   ဒီဇင်ဘာ

 

၂၀၁၉ ခုနှစ် အာရှ - ပစိဖိတ် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟနွိုင်းမြို့၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်ခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Vu Duc Dam ၊ Asia - Pacific Regional Network for Early Childhood ဥက္ကဌ Dr. SheldonShaeffer ၊ UNICEF East - Asia and Pacific Regional Office မှ Regional Director  Ms. Karin Hulshof ၊ UNESCO Asia and Pacific Regional Bureau for Education မှ Regional Director Mr. Shigeru Aoyagi နှင့် ဗီယက်နမ်နိုင်ငံ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးဆိုင်ရာ ဝန်ကြီး Mr. Dao Ngoc Dung တို့က အမှာစကားပြောကြားကြပြီး ကျွမ်းကျင်ပညာရှင်များက the role of Policies and Partnership အကြောင်းကို ဆွေးနွေးပြောကြားကြသည်။

 

5

 

ထို့နောက် ဒုတိယဝန်ကြီးသည် ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များဖြစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေးလုပ်ငန်း၊ စေတနာဝန်ထမ်း အဖွဲ့အစည်းများက ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် East Asia Pacific regional office (UNICEF) ၏ ECD advisor Mr. Pabalo Stansbery နှင့်တွေ့ဆုံ၍ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များနှင့် နည်းပညာ အကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ ညီလာခံသို့ မြန်မာနိုင်ငံမှ ဝန်ကြီးဌာန ကိုယ်စားလှယ်များနှင့်အတူ ကလေး သူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြသော ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းများကလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)