နေပြည်တော် ၈ အောက်တိုဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ကြက်ခြေနီလှုပ်ရှားမှု Red Cross Movement (RCM)မှ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephan Sakalian၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ဥက္ကဋ္ဌ ဒေါက်တာဒေါ်မြသူ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)မှ Head of Country Office Mr. Joy Singhal နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ၊ စားနပ်ရိက္ခာဖူလုံမှုနှင့် အသက်မွေးဝမ်းကြောင်း၊ ကျန်းမာရေး၊ အမိုးအကာ၊ ရေနှင့် သန့်ရှင်းရေး၊ မိုင်းအန္တရာယ်အသိပညာပေးရေး၊ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထုဖြစ်စေရေးတို့ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခြေအနေနှင့် ဆက်လက် ဆောင်ရွက်ရန် လျာထားချက်များကို ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်


