နေပြည်တော် ဇန်နဝါရီ

 

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံအဆင့် စံလုပ်ငန်းအစီအစဉ် အပြီးသတ်အတည်ပြုရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးအောင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၁၉၉၂ ခုနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူကုန်ကူးခြင်းအား ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုအဖြစ် မှတ်ယူကာ အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ မိသားစုများနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ မိမိတို့ပံ့ပိုးကူညီပေးသော ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများ ရရှိခံစားရသည့် လူကုန်ကူးခံရသူများအနေဖြင့် ၎င်းတို့အတွက် အကျိုးဖြစ်ထွန်းမှုနှင့် ထိရောက်မှု ရှိ/မရှိကို သိရှိနိုင်အောင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ ၎င်းတို့၏လိုအပ်ချက်နှင့် ပံ့ပိုးကူညီမှုများ ကိုက်ညီပြီး အောင်မြင်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ စံလုပ်ငန်းအစီအစဉ်များ ရေးဆွဲရာတွင် နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသော တည်ဆဲဥပဒေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်း။

 

ယခု စံလုပ်ငန်းအစီအစဉ် နည်းပညာပိုင်းဆိုင်ရာ အကူအညီအတွက် IOM (Myanmar) မှ ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများအလိုက် အကြံပြုချက်များ ပေးပို့ပြီးဖြစ်သဖြင့် အတည်ပြုရန်အတွက် ဝိုင်းဝန်းဆွေးနွေးပေးရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ ပေါင်းစပ်ညှိနှိုင်း၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း၊ လူကုန်ကူးမှု ကျူးလွန်သူများနှင့်ပတ်သက်၍ သတင်းပေးစေခြင်း၊ ကျူးလွန်သူများအား အရေးယူဆောင်ရွက်ခြင်း၊ အသိပညာပေးမှုများ အရှိန်အဟုန်မြှင့်ခြင်း၊ နိုင်ငံတကာ ကျွမ်းကျင်သူများကို ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက စံလုပ်ငန်းဆိုင်ရာများကို ဝိုင်းဝန်းဆွေးနွေးကြသည်။

 

သတင်းစဉ်