နေပြည်တော် ၁၃ စက်တင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် စက်တင်ဘာလ (၁၁)ရက်နေ့ မှ(၁၂)ရက်နေ့အထိ ကျင်းပခဲ့သော ပေကျင်းမြို့အခြေစိုက် "UN_SPIDER" ရုံး၏(၁၀)နှစ်ပြည့် အခမ်းအနားနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် အာကာသအခြေပြုနည်း ပညာများမှ သတင်းအချက်အလက်များ အသုံးချခြင်း မူဝါဒပိုင်းဆိုင်ရာ ကုလသမဂ္ဂညီလာခံသို့ တက်ရောက်ခဲ့ ပါသည်။
" UN_SPIDER " ရုံး၏ (၁၀)နှစ်ပြည့် အခမ်းအနားနှင့် ညီလာခံဖွင့်ပွဲကို တရုတ်နိုင်ငံ၊ အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr.Zheng Guoguang မှ ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်ကလည်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီးနောက် အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် အခမ်းအနားတက်ရောက်လာသော အခြားကိုယ်စားလှယ်များနှင့်အတူ Mr.Zheng Guoguang နှင့်တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာကိစ္စရပ်များ၊ အာကာသအခြေပြုနည်းပညာများ အသုံးပြု၍ သတင်း အချက်အလက်ရယူရေး ကိစ္စရပ်များတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တရုတ်-အာဆီယံ အစီအစဉ်နှင့် မဲခေါင်-လန်ချန်း အစီအစဉ်များခေါင်းစဉ် အောက်မှပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ညီလာခံသို့ တက်ရောက်၍ မြန်မာနိုင်ငံအနေဖြင့် " UN-SPIDER " နှင့် ပူးပေါင်း၍ ဂြိုလ်တုပုံရိပ်သုံးနည်းပညာ (Remote Sensing )နှင့် ပထဝီဝင်သတင်းအချက် အလက်စနစ် (GIS ) တို့ကို ပေါင်းစပ်အသုံးချ ဆောင်ရွက်နေမှုများ၊ ဆန်ဒိုင်းမူဘောင် လုပ်ငန်းစဉ် (၅)ရပ် နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် နည်းပညာများ တိုးတက်အသုံးချ ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့အပြင် ညီလာခံသို့တက်ရောက်လာသော သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကိစ္စရပ်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် UN-SPIDER, Asian Disaster Preparedness Centre (ADPC) ၊ Asian Disaster Reduction Centre (ADRC) တို့နှင့်လည်း လုပ်ငန်းပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး ကိစ္စရပ်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများကို ဆွေးနွေးခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့် ၂၀၁၇ ခုနှစ်မှ စတင်၍ International Charter" Space and Major Disasters " အား တရားဝင် အသုံးပြုခွင့် ရရှိထားပြီးဖြစ်ကာ ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး ဂြိုလ်တုများနှင့် အာကာသအခြေပြုသတင်းအချက် အလက်နည်းပညာများမှ တစ်ဆင့် ရရှိလာသောသတင်းအချက်အလက်များကိုသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များတွင်ထည့်သွင်းအသုံးချ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်


