နေပြည်တော် ၁  စက်တင်ဘာ

 

ယမန်နေ့ သြဂုတ်(၃၁)ရက် ည(၉)နာရီ၊ (၃၉)မိနစ်အချိန်က ရွှေဘိုမြို့၏ အနောက်မြောက် ဘက် (၁၄)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး (၆ ဒသမ ဝ) ဖြင့် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

 

အဆိုပါပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးနိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့မွန်းလွဲပိုင်တွင် ရွှေဘိုနည်းပညာ တက္ကသိုလ်သို့ရောက်ရှိကာ စစ်ကိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ပျက်စီးမှုအခြေအနေများကို လှည်လည်ကြည့်ရှုကြသည်။ယင်းနောက် ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည့်အစီအမံများကို ညှိနှိုင်းဆွေး နွေးခဲ့ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့နှင့် အတူ ဒုတိယဝန်ကြီးသည် ရွှေဘိုမြို့ချမ်းသာကြီးဘုရား ထီးတော်တိမ်းစောင်းမှုအခြေ နေကို သွားရောက်ကြည့်ရှုခဲ့ကြကြောင်းနှင့် ဒုတိယဝန်ကြီးသည် ရေဦးမြို့နှင့် ခင်ဦးမြို့ များရှိ ပျက်စီးမှုအခြေအနေများကိုလည်း သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)