နေပြည်တော်  ၂၉  ဖေဖော်ဝါရီ

           

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးများ ပြုစု စောင့်ရှောက်ရေးဌာနကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

           

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက တွံတေးမြို့ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာနရှိ ရုံးခန်းအဆောက်အဦ၊ အမျိုးသမီးသင်တန်းဆောင်များ၊ အိပ်ဆောင်များ၊ လမ်းမီးတိုင်များ၊ ရေစင်နှင့် ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းများကို ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးနှင့် ဝန်ထမ်းအင်အား ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

4

           

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဦးစိုးအောင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)နှင့် ပြည့်တန်ဆာ ဆိုင်ရာ ဥပဒေ(မူကြမ်း) တို့ကို အတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေများအတည်ပြုပြီးပါက ဥပဒေကြောင်းအရ ရောက်ရှိလာသည့် အမျိုးသမီးများကို ဤ ဌာနမှ ပြုစုစောင့်ရှောက်နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆောက်အဦများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးပါက အမျိုးသမီးများအား ပြုစုစောင့်ရှောက်ရေးအပြင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပါ ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

           

ထို့နောက် ဒုတိယဝန်ကြီးသည် ဌာနမှ ပြုစုစောင့်ရှောက်လျက်ရှိသည့် အမျိုးသမီးများ၏ အိပ်ဆောင်များ၊ ဆေးပေးခန်းနှင့် အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်မည့် အဆောက်အဦများကို ကြည့်ရှုစစ်ဆေးသည်။

           

လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန (တွံတေး)ကို ၂၀၀၀ ပြည့်နှစ် အမျိုးသားကျန်းမာရေးကော်မတီ အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနတို့ ပူးပေါင်း၍ HIV/ AIDS ရောဂါရှိသူ အမျိုးသမီးများအား ပြုစုစောင့်ရှောက်ရန် တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ အကျဉ်းဦးစီးဌာနမှ ပေးပို့သော သင်တန်းသူ ၂၂၄၂ ဦးကို ပြုစုစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်