နေပြည်တော် ၄ စက်တင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် World Food Programmeမှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ Regional Director Mr. John Aylieff အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် WFP တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်သော နေရာများသို့ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးနေမှု၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ သိုလှောင်ရုံများအဆင့်မြှင့်တင်ပြုပြင်နေမှု၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းကျောင်းအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပစ္စည်းများ အကူအညီပေးနေမှု၊ သိုလှောင်ရုံများတွင် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ စနစ်တကျသိုလှောင်ထားရှိမှုဆိုင်ရာ သင်တန်းပို့ချပေးနေမှု၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့်ပူးပေါင်း၍ သဘာဝဘေးနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ ရေးဆွဲနေမှု၊ WFP အနေဖြင့် စားနပ်ရိက္ခာအပြင် ငွေကြေးထောက်ပံ့မှု အစီအစဉ် ဆောင်ရွက်ပေးနိုင်ရန်အတွက် စီစဉ်နေမှုများကို ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


