နေပြည်တော် အောက်တိုဘာ ၂၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ရုံး၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးဌာန၊ ညွှန်ကြားရေးမှူး Ms. Shoko Yasuda (Arakaki) ဦးဆောင်သောအဖွဲ့ကို ယနေ့မွန်းလွဲပိုင်း ၂ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် UNFPA တို့အကြား လုပ်ငန်းအစီအစဉ် (Workplan) ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှုကိစ္စများ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီရေးအဖွဲ့များက ရေဘေးသင့်မြို့နယ်များရှိ ထိခိုက်လွယ်အိမ်ထောင်စုများ အထူးသဖြင့် အမျိုးသမီးနှင့် အမျိုးသမီးငယ်ရွယ်များကို နှစ်သိမ့်ဆွေးနွေးခဲ့မှုများ၊ ၎င်းတို့အား လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် UNFPA ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်