တောင်ငူမြို့  စက်တင်ဘာ ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက   တောင်ငူမြို့ရှိ ရေဘေးရှောင်စခန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တောင်ငူခရိုင်စီမံခန့်ခွဲရေးအဖွဲ့ရုံး၊ ဘုရင့်နောင်ခန်းမတွင် စက်တင်ဘာ ၁၁ ရက်ကစ၍ စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် တောင်ငူမြို့အတွင်း ရပ်ကွက် ၈၊ ၉၊ ၁၀၊ ၁၉၊ ၂၀ များတွင် ကယ်ဆယ်စခန်း (၁၇) ခု၊ ရေတာရှည်မြို့တွင် စခန်း (၁၁) ခု၊ ထန်းတပင်မြို့တွင် (၃) ခု၊ အုတ်တွင်းမြို့တွင် (၁) ခု စုစုပေါင်း ရေဘေးရှောင်စခန်း (၃၂) ခုတွင် အိမ်ထောင်စု (၄၂၃၄)စု၊ လူဦးရေ (၁၆၅၃၉) တို့ကို စောင့်ရှောက်ထားမှုအခြေအနေနှင့် စစ်တောင်းမြစ်ရေ ထပ်မံတိုးလာပါက ရွှေ့ပြောင်းရမည့် အနိမ့်ပိုင်းရပ်ကွက်များရှိ ပြည်သူများအား ကြိုတင်အသိပေးရေး၊ အချိန်မီရွေ့ပြောင်းနိုင်ရန်အတွက် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များ စနစ်တကျစုဖွဲ့ထားရှိရေး၊ ဖွင့်လှစ်ထားသည့် စခန်းများမှ ပြည်သူများအား စနစ်တကျနေရာချထား ကျွေးမွေးမှုစီမံဆောင်ရွက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး စသည်များ အတွက် လိုအပ်သောဆပ်ကော်မတီများကို စနစ်တကျဖွဲ့စည်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ရွှေဂူကြီးရေဘေးရှောင်စခန်း၊ အ.ထ.က(၆) ရေဘေးရှောင်စခန်း၊ အ.ထ.က(၅) ရေဘေးရှောင်စခန်း၊ လောကုတ္တရာဘုန်းကြီးကျောင်း ရေဘေးရှောင်စခန်းများသို့ သွားရောက်၍ အိမ်ထောင်စု (၆၁၂)စုမှ လူဦးရေ(၂၁၀၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၈၈၄၅၂၀၀ နှင့် ခေါက်ဆွဲ ခြောက်ဖိုးငွေ ကျပ် ၁၂၆၃၆၀၀ စုစုပေါင်း တန်ဖိုးငွေ ကျပ် ၁၀၁၀၈၈၀၀ တို့ကို ထောက်ပံပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)