နေပြည်တော် ဩဂုတ် ၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ယနေ့နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်တို့ရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများနှင့် အဆောင်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက်  ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် မသက်ဆိုင်သူများ ဝင်ရောက်နေထိုင်မှု မရှိစေရေး စိစစ်ကြပ်မတ်ရန်၊ ဝန်ထမ်းအိမ်ရာနှင့် အဆောင်နေထိုင်သူများအနေဖြင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးဆောင်ရွက်ရန်၊ သန့်ရှင်းသပ်ရပ်ပြီး နေချင်စဖွယ်ဖြစ်စေရန်နှင့် ခြင်အန္တရာယ် ကင်းဝေးစေရန်အတွက် အုပ်ဆိုင်းနေသော အပင်များအား အလင်းဖွင့်ခြင်း၊ ရေမြောင်းများ ရေစီးရေလာ ကောင်းစေရန် ဆောင်ရွက်ခြင်းများ ပူးပေါင်းဆောင်ရွက်ကြရန်၊  မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး အထူးအလေးထား နေထိုင်ကြရန်နှင့် ရေကိုအကျိုးရှိရှိ ချွေတာသုံးစွဲကြရန်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများအတိုင်း လိုက်နာနေ ထိုင်ကြရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လုံခြုံရေးအသိ လုံခြုံရေးသတိရှိရှိ နေထိုင်သွား ကြရန်တို့ကို တာဝန်ရှိသူများကို မှာကြားသည်။

 ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အိမ်ရာကြီးကြပ်သူ တိုက်တာဝန်ခံများ၊ နေထိုင်သူ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အိမ်ရာအလိုက် ဝန်ထမ်းမိသားစုများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်