(၁၉-၁-၂၀၂၁ ရက်၊ နေပြည်တော်)

 

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉-၁-၂၀၂၁ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ (၂:၃၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘော ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင် တက်ရောက်ခဲ့သည်။

 

ယင်းအစည်းအဝေးသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Luo Zhaohui ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် Mr. Masud Bin Momen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

 

ယင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည် ပို့ဆောင်/ လက်ခံရေး လုပ်ငန်းစဉ် အောင်မြင်စေရန်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များကို ဆောလျင်စွာ အကောင်အထည်ဖော်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် အနီးတွင် ရောက်ရှိနေသူများအား ပြန်လည်နေရာချထားရေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများအနက် ဟိန္ဒူဘာသာဝင်များအပါအဝင် စိစစ်ပြီးသူများအား ပြန်လည်ပို့ဆောင်/ လက်ခံရေးစသည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်ဖက်အစည်းအဝေးများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး ပြန်လည်ပို့ဆောင်/ လက်ခံရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံသဘော တူညီချက်များနှင့်အညီ ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက နေရပ်စွန့်ခွာသွားသူများ ပြန်လည်ပို့ဆောင်/ လက်ခံရေး ဆောင်ရွက်ရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများကို ကျော်လွှားဖြေရှင်း နိုင်ရန် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် သဘော တူညီချက်များနှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လိုက်နာဆောင်ရွက်စေရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် သဘောတူညီချက်များပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြန်လည်လက်ခံရန် အသင့်ပြင်ဆင် ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများအား ပြန်လည် လက်ခံရန် ရှေ့ပြေးစမ်းသပ် စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ စီမံကိန်းတွင် ပါဝင်သူများဖြင့် ပြန်လည် လက်ခံရေးကို စတင်နိုင်ကြောင်း၊ ကော့စ်ဘဇားရှိ နေရပ်စွန့်ခွာသူများ နေထိုင်သည့် စခန်း များတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုကြောင်း ထုတ်ဖော်ပြောကြားပြီးဖြစ်သည့် ဟိန္ဒူဘာသာ ဝင်များအား ဆောလျင်စွာ ပို့ဆောင်ပေးစေလိုကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်အနီး ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများကို ပြန်လည်နေရာချထားရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် ပြန်လည်ဝင်ရောက်လာသူများသည် မိမိ သဘောဆန္ဒအလျောက် ပြန်လိုသူဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဥပဒေစည်းမျဉ်းများကို လိုက်နာမည်ဖြစ်ကြောင်း နှစ်ဖက်သဘောတူညီထားသည့် သတ်မှတ်ပုံစံတွင် လက်မှတ်ရေးထိုး ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

 

ထို့ပြင် ဒုတိယဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဆန္ဒအလျောက် နေရပ်ပြန်လိုသည့် နေရပ်စွန့်ခွာသူများအား ခြိမ်းခြောက်တားဆီးလျက်ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများကို ဖော်ထုတ်၍ တားဆီးပေးရန် တိုက်တွန်းကြောင်းနှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ချောမွေ့စေရေးအတွက် တရုတ်နိုင်ငံက ကူညီပေးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

 

#Ministry of Foreign Affairs Myanmar